သေကြောင်းကြံတဲ့ ကျောင်းသူကို ကယ်တင်ဖို့ ကြိုးစားရင်း ဆရာတပည့် ၂ ဦးစလုံး သေဆုံး

သေကြောင်းကြံတဲ့ ကျောင်းသူကို ကယ်တင်ဖို့ ကြိုးစားရင်း ဆရာတပည့် ၂ ဦးစလုံး သေဆုံး

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်က ကိုယ်ပိုင်အထက်တန်းကျောင်းတခုမှာ ဖေဖော်ဝါရီလ ၁ ရက် မနေ့ညနေ ၄ နာရီခွဲအချိန်ဝန်းကျင်က ကျောင်းသူ ၁ ဦးနဲ့ ကျောင်းဆရာ ၁ ဦး ကျောင်းလေးထပ်ဆောင် အပေါ်ဆုံးအမိုးပေါ်ကနေ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းအနောက်လမ်းမှာရှိတဲ့ ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ Grade -10 ကျောင်းသူတဦးဟာ မနေ့ ညနေပိုင်းက အဲ့ဒီကျောင်းလေးထပ်ဆောင် အပေါ်ဆုံးထပ်ကနေ ခုန်ချဖို့ ကြံစည်ရာကနေ အခုလို သေဆုံးမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီကျောင်းသူဟာ ကျောင်းလေးထပ်ဆောင် အမိုးပေါ်ကနေ ခုန်ချဖို့ ကြံစည်နေချိန် ကွန်ပျူတာသင်ကြားရေးတာဝန်ယူထားတဲ့ ကျောင်းဆရာက ကျောင်းသူကို ဆွဲယူကယ်တင်ဖို့ ကြိုးစားရာကနေ ကျောင်းသူရော ကျောင်းဆရာပါ ပြုတ်ကျသေဆုံးခဲ့တာလို့ သိရပါတယ်။

"ကျောင်းဆင်းချိန် ညနေ ၄ ခွဲလောက်မှာ ဖြစ်တာ၊ ကျောင်းသူလေးက (Grade 10) ၉ တန်းကျောင်းသူ ၊ နာမည်က စုမြတ်စံမှူး ။ သူ့စိတ်အခံကိုက အဲ့ဒီလိုဖြစ်နေတာလို့ သိရတယ်။ ဒီလိုသေကြောင်းကြံဖို့ လုပ်တဲ့အကြောင်းအရင်းကိုတော့ သေချာမသိရဘူး။ အောက်က ကွန်ကရစ်နဲ့ဆို ပေ ၆၀ လောက် ကွာတယ်။ ကျောင်းသူခုန်ချဖို့ လုပ်နေတာကို ဆရာလေးက လှမ်းဆွဲဖို့လုပ်တာကနေ ၂ ယောက်စလုံး ပြုတ်ကျပြီး သေဆုံးတယ်" လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ ကျောင်းသူရဲ့ရုပ်အလောင်းကို နေအိမ်မှာထားရှိပြီး ကျောင်းဆရာရဲ့ ရုပ်အလောင်းကတော့ ရင်ခွဲရုံမှာဖြစ်ကာ မနက်ဖြန်မှာ တချိန်တည်း ပို့ဆောင်သဂြိုဟ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10