သေဆုံးတယ်လို့ သတင်းထွက်နေတဲ့ တိုင်းမှူးကတော်ကို စစ်တပ်ရုပ်သံသတင်းမှာ တွေ့ရ (ရုပ်/သံ)

မန္တလေး၊ နန်းမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဝန်း ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးတယ်လို့ သတင်းထွက်နေတဲ့ လပခတိုင်းမှူးရဲ့ဇနီးကို ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက် ညပိုင်း စစ်တပ်ပိုင်မြဝတီရဲ့ရုပ်သံသတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

လပခတိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်ဟာ မနေ့မနက်ပိုင်းက ၎င်းရဲ့လက်အောက်ရှိ ပြင်ဦးလွင်တပ်နယ်မှာ ပြုလုပ်တဲ့ ကြည်း/ရေ/လေ သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ထုတ်ပြန်လာတာဖြစ်ပြီး အဲ့ဒီရုပ်သံမှာ တိုင်းမှူးနဲ့အတူ ၎င်းရဲ့ဇနီးကိုလည်း တွေ့ ရတာပါ။

ဒီဇင်ဘာ ၂၆ ရက်မနေ့မနက်က ပြင်ဦးလွင်မြို့ကို လပခတိုင်းမှူးနဲ့အဖွဲ့တွေလာရောက်ကာ သေနတ်ပစ်ပြိုင်ပွဲတက်ရောက်ခဲ့တာကြောင့် ပြင်ဦးလွင်မြို့ကလမ်းတချို့ကိုပိတ်ကာ လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ ပြင်ဦးလွင်တပ်နယ်ရှိ တပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို အတည်ပြုပြောပါတယ်။

လပခတိုင်းမှူးရဲ့ဇနီးဟာ ဒီဇင်ဘာ ၂၁ ရက်မနက်အစောပိုင်းက နန်းမြို့ကို ရှော့ဒုံး ၆ လုံးနဲ့ပစ်ခတ် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးတယ်လို့ ဒီဇင်ဘာလ ၂၆ ရက် မနေ့ညပိုင်းကစတင်ကာ သတင်းတွေထွက်ပေါ် နေတာလည်း ဖြစ်ပါတယ်။

ပစ်ခတ်ခဲ့တဲ့မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်မှုမှာတော့ ပစ်ခတ်မှုအတွင်း တိုင်းမှူး၊ ဒုတိုင်းမှူးနဲ့ အမျိုးသမီးစစ်သည်တွေနေထိုင်ရာ အဆောက်အဦတွေအနီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ ဖော်ပြကြပါတယ်။

DSA အမှတ်စဉ် ၃၇ ဆင်း လပခတိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်ဟာ ပုသိမ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေ သြဂုတ်လနောက်ဆုံးပတ်အတွင်းက ကစထ ၁ မှူးအဖြစ်ရာထူးတိုးသွားတဲ့ ဒု-ဗိုလ်ချုပ်ကြီး ကိုကိုဦးရဲ့ မန္တလေး၊လပခတိုင်းမှူးနေရာကို ပြောင်းရွှေ့ရောက်ရှိလာတာလို့ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

#မြေလတ်အသံ

#မန္တလေး #လပခ #တိုင်းမှူးဇနီး #သေဆုံးမှု #သတင်းထွက်ပေါ်မှု #မြဝတီသတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10