သေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေသယ်လာတဲ့ အမျိုးသား ၁ ဦး ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံရ

သေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေသယ်လာတဲ့ အမျိုးသား ၁ ဦး ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည် ဂိတ်(x-ray) မှာ ပစ္စတိုသေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေသယ်လာတဲ့ အမျိုးသား ၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဂိတ်နဲ့နီးစပ်သူတွေနဲ့ ဝေါပကဖဆီက သိရပါတယ်။

အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီခွဲလောက်မှာ ရာဇာအောင် မော်လမြိုင်-မန္တလေး ခရီးသည် တင်ယာဥ်နဲ့လိုက်လာတဲ့ ကရင်ပြည်၊ ဘုရားသုံးဆူမြို့နေသူ အသက် ၃၀ ကျော်အရွယ် ကိုကိုနိုင် ဆီကနေလက်နက်တွေတွေ့ရှိပြီး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"ကားနဲ့ပါလာတဲ့သူက x-ray ဂိတ်ရောက်တော့ ပြည်သူတွေလမ်းဆင်းလျှောက်တဲ့နေရာမှာ သူက အဲ့ကမလျှောက်ဘဲ ဘေးကဖြတ်ထွက်သွားတော့ သူ့ကိုသံသယနဲ့ရှာတော့ မိသွားတာ။ သူက ပွဲစားလို့သိရတယ်။ မန္တလေးကိုပို့ဖို့ ဘတ် ၂၀,၀၀၀ ရမယ်ဆိုလို့သယ်လာတာ။ ဖရဲသီး (တပ်တွင်းသတင်းပေး) ဆီကသိရတာ။ "လို့ ဂိတ်နဲ့နီးစပ်သူ အမျိုးသမီးတဦးကပြောပါတယ်။

အဆိုပါအမျိုးသားဟာ စစ်ဆေးရေးဂိတ်အရောက် ကားပေါ်ကဆင်းချိန် သေနတ်တွေထည့်ထားတဲ့ အိမ်ကိုပါ လွယ်ဆင်းလာတာလို့သိရပြီး နယ်မြေအခြေအနေမကျွမ်းတာကြောင့် အခုလိုဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအမျိုးသားဆီကနေ ပစ္စတိုသေနတ် ၁၆ လက်၊ ကျည်အိမ် ၃၂ ခု၊ 9 mm Luger ကျည် ၃၉ဝ တောင့်၊ 380 Auto ကျည် ၁၄ဝ တောင့်တို့ကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေကနေ ရေးသားဖော်ပြထားကြပါတယ်။

ဝေါမြို့နယ်ပကဖ တာဝန်ရှိသူတဦးကတော့ "သိရတာက မိသွားတာမှန်တယ်။ အကိုတို့ဘက်ကတော့မဟုတ်ဘူး။ အကိုတို့အဖွဲ့တွေက နယ်မြေကျွမ်းတာပဲ၊ ခုလိုတော့ဘယ်လုပ်မလဲ။ ဝေါအဖွဲ့တော့မဟုတ်ဘူး"လို့  ပြောပါတယ်။

လက်နက်နဲ့ဖမ်းဆီးခံရတဲ့အမျိုးသားကိုတော့ စစ်ကောင်စီအဖွဲ့တွေခေါ်ဆောင်သွားပြီးနောက် သတင်းအစနမရတော့ဘူးလို့ ဆိုပါတယ်။

လက်နက်တွေဖမ်းဆီးပြီးနောက်မှာတော့ ခရီးသည်တွေနဲ့ကားကိုတော့ ပြန်လွတ်ပေးလိုက်ပြီး စစ်ဆေးရေး အထူးတင်းကျပ်တာမျိုးမရှိဘဲ ပုံမှန်အတိုင်းဘဲစစ်ဆေးနေကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်ကလည်း ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာ ဟိုင်းလတ်ခရီးသည်တင်ယာဥ်နဲ့ လိုက်ပါလာတဲ့ နိုင်ငံရေးအကျဥ်းသူဟောင်း မနိုဘယ်လ်အေးနဲ့အတူ အမျိုးသား ၁ ဦးဆီကနေ လက်နက်တွေ ဖမ်းဆီးခံလိုက်ရသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီဂိတ် #လက်နက် #ဖမ်းဆီးခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10