သေနတ် ၂ လက်နဲ့အလင်းဝင်လာတဲ့ ရဲတပ်သားက စစ်ကောင်စီကိုပြန်တော်လှန်မယ်လို့ဆို

သေနတ် ၂ လက်နဲ့အလင်းဝင်လာတဲ့ ရဲတပ်သားက စစ်ကောင်စီကိုပြန်တော်လှန်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်ရှိ သာကြီးတောင်ရေနံမြေရဲကင်းစခန်းက ရဲတပ်သား ၁ ဦး သေနတ် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ထံက သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ သာကြီးတောင်ရဲစခန်းက အသက် ၂၈ နှစ်အရွယ် ရဲတပ်သား တိုးပြည့်ချမ်းသာဖြစ်ပြီး ဧပြီ ၄ ရက် နေ့လယ် ၂ နာရီခန့်လောက်မှာ စခန်းကနေစွန့်ခွာအလင်းဝင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ ခိုလှုံလာတာလို့ ဆိုပါတယ်။

“သူအလင်းဝင်လာဖို့ရာ တောထဲမှာ ၃ ရက်လောက်အိပ်စောင့်ပြီး သာကြီးတောင်နယ်မြေတဝိုက်ကနေ အလွယ်တကူထုတ်လာခဲ့တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

ရဲတပ်သား တိုးပြည့်ချမ်းသာ ဟာ BA 63(G-3) မောင်းပြန်ရိုင်ဖယ် ၁ လက် ၊ စက်သေနတ် ၁ လက်၊ ၇.၆၂ မမ ကျည် ၆၀၈ တောင့်၊ ကျည်ဘောက် ၂ ခုနဲ့အတူ အလင်းဝင်ရောက်လာတာကြောင့် ၎င်းကို ကျပ်သိန်း ၁၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရဲတပ်သား တိုးပြည့်ချမ်းသာကို လွတ်‌မြောက်နယ်တခုကိုပို့ဆောင်ပေးဖို့ စီစဉ်ခဲ့ပေမယ့် ၎င်းအနေနဲ့ မြေပြင်ကနေသာ တော်လှန်ရေးမှာပါဝင်လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ သူက ဆိုပါတယ်။

“ ပို့‌ဆောင်ဖို့လုပ်တော့လည်း မသွားချင်ဘူးပြောတယ်။ တပ်ဖွဲ့ထဲမှာနေပြီး မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေ ကိုင်တွယ်အသုံးပြုတာ၊ ပစ်တာခတ်တာတွေပြန်သင်ပြီး စစ်ကောင်စီကို ပြန်တော်လှန်မယ်လို့ သူက ပြောတယ်” လို့ ဗိုလ်လက်ယာ က ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပခုက္ကူ #ကမ္မ #သာကြီးတောင် #ရေနံမြေရဲကင်း #ရဲတပ်သား #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10