သေနတ် ၃ လက်ယူပြီးထွက်ပြေးလာနိုင်တဲ့ သာကြီးတောင်ရဲစခန်းက သူလျှို PDF ၂ ဦးကို ကျပ်သိန်း ၅၀ စီ ဆုငွေချီးမြှင့်

သေနတ် ၃ လက်ယူပြီးထွက်ပြေးလာနိုင်တဲ့ သာကြီးတောင်ရဲစခန်းက သူလျှို PDF ၂ ဦးကို ကျပ်သိန်း ၅၀ စီ ဆုငွေချီးမြှင့်

 မကွေးတိုင်း၊  ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ၊ သာကြီးတောင်ရေနံမြေရဲစခန်းမှာ တပ်ဖွဲ့ရဲ့သူလျှိုအဖြစ် ဝင်ရောက်လုပ်နေသူ ၂ ဦး လက်နက်၊ခဲယမ်းတွေယူပြီး ထွက်ပြေးလာနိုင်တဲ့အတွက် ကျပ်သိန်း ၅၀ စီ ဆုငွေပေးအပ်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

PDF တပ်ဖွဲ့ဝင် ၂ ဦးကို သာကြီးတောင်ရဲစခန်းအတွင်း အထွေထွေလုပ်ဆောင်ပေးရသူ အရပ်သားတွေအဖြစ် ပြီးခဲ့တဲ့စက်တင်ဘာလက ထည့်သွင်းပေးထားတာဖြစ်ပြီး၊ ၇ လနီးပါးကြာ သူလျှိုအဖြစ် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မတ် ၁၃ ရက်ညနေပိုင်းမှာ  အခုလိုလက်နက်တွေပါ ယူဆောင်ထွက်ပြေးလာနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ သူတို့(စစ်အုပ်စု)သတိမထားမိဘူး။ အသီးအရွက်ဝယ်ခိုင်းရင် ဝယ်ပေးတယ်။ သောက်စရာဝယ်ခိုင်းရင် သောက်စရာဝယ်ပေးတယ်။ ရဲစခန်းထဲကလက်နက်က ၁၀ လက်ရတာမှာ နိုင်တာပဲသယ်လာကြတာ။ သေနတ် ၄ လက်သယ်လာတာမှာ ၁ လက်ကတော့ ပြေးရင်းနဲ့ ပြုတ်ကျနေခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

သူလျှို ၂ ဦး ထွက်ပြေးမည့်လမ်းကြောင်းအား မြိုင်ပကဖဘက်က ကာကင်းတွေယူထားပေးခဲ့ပြီး၊ ထွက်ပြေးချိန်မှာ စစ်အုပ်စုကလိုက်လံပစ်ခတ်ခဲ့လို့ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုတွေရှိခဲ့ကာ ရဲစခန်းနဲ့ မီတာ ၂၀၀ ခန့်အကွာမှာ ကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“ ထွက်ပြေးလာမယ်ဆိုတာကိုသိလို့ ညနေ ၅ နာရီကျော်လောက်ကစပြီး ကာကင်းတွေယူထားတာ။  သူတို့ပြေးလာတဲ့လမ်းကြောင်းမှာ စစ်**တွေနဲ့ ကျနော်တို့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ ဆက်မလိုက်ရဲတော့ဘူး။ ပစ်ခတ်မှုကတော့ မိနစ်ပိုင်းလောက်ပဲကြာတယ်” လို့ ပြောပါတယ်။

ထွက်ပြေးလာတဲ့သူလျှိုရဲဘော် ၂ ဦးဟာ အသက် ၄၀ ကျော်နဲ့ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပြီး  BA 63 (G3) သေနတ် ၃ လက်၊ ကျည်ဘောက် ၅ ခု၊ ၇.၆၂ မမ (G3) ကျည် ၈၀ တောင့်နဲ့အတူ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မြိုင်ပကဖ သူလျှိုရဲဘော် ၂ ဦး ထွက်ပြေးလွတ်မြောက်လာဖို့ မြိုင်ပကဖတပ်ဖွဲ့ဝင်တွေနဲ့အတူ ကမ္မ Oxygen တပ်ဖွဲ့တို့က ကာပစ်တပ်ဖွဲ့အနေနဲ့ ပူးပေါင်းကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြိုင် #PDF #သူလျှို #ထွက်ပြေးလွတ်မြောက် #လက်နက်ခဲယမ်းရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10