သေမင်းခံတွင်းဝက ပြည်တွင်းသတင်းသမားများ (ဆောင်းပါး)

သေမင်းခံတွင်းဝက ပြည်တွင်းသတင်းသမားများ (ဆောင်းပါး)

ဧရာဝတီတိုင်းထဲက ကျေးရွာတရွာမှာရှိတဲ့ အိမ်တအိမ်ဆီကို နေ့လယ်ပိုင်းအချိန် စစ်ကောင်စီတပ်သားတွေနဲ့ အရပ်ဝတ်လူတချို့ ရောက်လာကြပါတယ်။ 

ရွာထဲကို လူစိမ်းရောက်တယ်ဆိုတဲ့ သတင်းကြောင့် အဲ့ဒီရွာကိုလာပြီး တိမ်းရှောင်နေတဲ့ သတင်းထောက် မစနိုးကို လာဖမ်းကြတာပါ။

လာဖမ်းတဲ့သူတွေ သူရှိရာအိမ်ကိုလာနေပြီလို့ သိလိုက်တဲ့ မစနိုးဟာ အိမ်နောက်ဖေးတနေရာမှာ ပုန်းနေရင်း သူ့အခြေအနေတွေကို သူ့သတင်းဌာနက အယ်ဒီတာထံပြောပြပြီး တယ်လီဖုန်းကို ဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက် ပါတယ်။ 

အဲ့ဒီနောက် ဖုန်းထဲမှာရှိတဲ့ သတင်းနဲ့ဆိုင်တဲ့အချက်အလက်အားလုံးကို ကပြာကယာ ဖျက်၊ ဖုန်းကိုရိုက်ခွဲပြီးတဲ့အခါမှာတော့ စစ်ကောင်စီအဖွဲ့ဝင်တွေက သူ့ကိုရှာတွေ့သွားပြီး ရိုက်နှက်ဖမ်းဆီးတာကို ခံလိုက်ရပါတော့ တယ်။

“တွေ့တာနဲ့ ဘာမှ မပြောဘူး။ ပါးအရင် ရိုက်တာ” လို့ မစနိုးက ဆိုပါတယ်။ 

စိတ်လောပြီး တယ်လီဖုန်းကို ဖျက်ဆီးလိုက်ရတာဖြစ်လို့ ဖုန်းဟာ မပျက်စီးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းလိုက်ကြပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မစနိုးကို ၎င်းတို့ယာယီစခန်းချထားတဲ့နေရာဆီကို ဖမ်းဆီးခေါ်ဆောင်သွားကြ ပါတယ်။

“အဲဒီအချိန်မှာ ကိုယ်က သေလူလို့ပဲ တွေးထားမိတော့တယ်။ သေလောက်‌အောင်ပဲ လုပ်ကြတာပါ။ ဆံပင်တွေ ဆောင့်ဆွဲ၊ ပါးတွေရိုက်၊ ဗိုက်တွေ နံရိုးတွေကို ကန်ကြတာပါ။ ပေါင်တွေ ခြေထောက်တွေကို တက်နင်းတာပါ။” လို့ ဆိုပါတယ်။

လက်ထိပ်ခတ်မထားတာကြောင့် စစ်သားတွေ ရိုက်နှက်ကန်ကြောက်တာကို လက်နဲ့ကာမိတဲ့အခါ အဲ့ဒီလက်ကိုပါ ထပ်ကန်ကြတယ်လို့ သူက ပြောပါတယ်။

စစ်သားများ နှိပ်စက်မှုကြောင့် မစနိုး ရရှိခဲ့သည့် ဒဏ်ရာများ။
စစ်သားများ နှိပ်စက်မှုကြောင့် မစနိုး ရရှိခဲ့သည့် ဒဏ်ရာများ။

သူအဖမ်းခံရကာနီး မိနစ်ပိုင်းအလိုလေးမှာတင် ဖုန်းထဲက သတင်းအလုပ်နဲ့ သက်ဆိုင်တဲ့အရာတွေကို အချိန်မီဖျက်ဆီးနိုင်ခဲ့လို့ အဖမ်းခံထားရစဉ် စစ်ဆေးမေးမြန်တဲ့အခါ သူဟာ သတင်းသမားဖြစ်ကြောင်း မပေါ်အောင် ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ၄ ရက်ကြာ ဖမ်းဆီးနှိပ်စက်ခံရပြီးနောက်မှာတော့ သူပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။  

ဒါကတော့ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အကြမ်းဖက်ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ ပြည်တွင်းထဲက သတင်းသမားတယောက်ရဲ့ ဖြစ်ရပ်ပါ။

စစ်ကောင်စီက သတင်းမီဒီယာကို မတရား ဖိနှိပ်နေတဲ့ကြားက ပြည်တွင်းမှာဆက်ရှိနေပြီး သတင်းအလုပ်တွေ ကို ဆက်လုပ်နေကြတဲ့ သတင်းသမားတွေ အားလုံးဟာ မစနိုးလို ဖမ်းမိပြီး သေလောက်အောင်နှိပ်စက်ခံရနိုင်တဲ့ အန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

အာဏာသိမ်းမှု ၃ နှစ်အတွင်းမှာ စစ်ကောင်စီဟာ သတင်းသမားစုစုပေါင်း ၁၇၀ ကျော်ကို နည်းအမျိုးမျိုးနဲ့ဖမ်းဆီးခဲ့တယ်လို့ RSF က ထုတ်ပြန်ထားတဲ့ ၂၀၂၄ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

“တရားဥပဒေစိုးမိုးရေး ပျက်သွားတယ်။ လူအခွင့်အ‌ရေးချိုးဖောက်မှုတွေ ပိုများလာတယ်။ အထူးသဖြင့် စစ်ရာဇဝတ်မှုမြောက်တာမျိုးတွေ။ အဲဒီလိုမြန်မာနိုင်ငံရဲ့ အခြေအနေအောက် အမှန်တရားဖော်ထုတ်မယ်ဆိုတဲ့ သတင်းစာဆရာတွေ အလုပ်လုပ်နေရတာဖြစ်တယ်။ အန္တရာယ်များတဲ့ အခြေအနေဖြစ်တယ်” လို့ ပြည်တွင်းထဲမှာ သတင်းစာအလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့ သတင်းစာဆရာတဦးက ဆိုပါတယ်။ 

အာဏာသိမ်းအစောပိုင်းကာလ သတင်းရယူနေသည့် ပြည်တွင်းသတင်းထောက်တဦး။
အာဏာသိမ်းအစောပိုင်းကာလ သတင်းရယူနေသည့် ပြည်တွင်းသတင်းထောက်တဦး။

၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်မှာ မဲမသမာဘူးလို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အာဏာသိမ်းစမှာပဲ သတင်းဌာန ၁၅ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ 

ပိတ်သိမ်းမခံရပေမဲ့ အာဏာသိမ်းစစ်တပ် မကြိုက်တာရေးတဲ့ သတင်းဌာနတွေရဲ့ သတင်းထောက်တွေဟာလည်း အကြမ်းဖက် ဖမ်းဆီးတာ၊ ဖိနှိပ်တာတွေကိုပါ ဆက်တိုက်ခံလာရတဲ့အတွက် သတင်းဌာနတွေနဲ့ သတင်းထောက်အများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံဆီ တိမ်းရှောင်ခဲ့ကြပြီး သတင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ကြပါတယ်။ 

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ မထွက်ခွာနိုင်ဘဲ ပြည်တွင်းမှာပဲ ကျန်ရှိနေတဲ့ သတင်းသမားတွေဟာ စစ်တပ်ရဲ့ မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဖမ်းခံရ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေကြားကပဲ ရရာနည်းလမ်းနဲ့ ဆက်ပြီးဖော်ထုတ်နေကြပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)ရဲ့ ၂၀၂၄ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့် အခြေအနေဟာ ကမ္ဘာ့နိုင်ငံ ၁၈၀ မှာ အဆင့် ၁၇၁ အထိ နိမ့်ကျနေပြီး တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးနိုင်ငံဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်ပြ​ ဇယား။
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်ပြ​ ဇယား။

ဒါ့အပြင် သတင်းသမား ၅၉ ဦး သတင်းမီဒီယာနဲ့ ဆက်စပ်လုပ်ကိုင်သူ ၃ ဦးအပါ စုစုပေါင်း ၆၂ ဦး ဖမ်းဆီးခံ ထားရဆဲဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အခုလို မြန်မာပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်နဲ့ ဖိနှိပ်မှုအမျိုးမျိုးတွေရှိနေပေမဲ့လည်း ပြည်တွင်းထဲမှာ သတင်းဌာနတွေနဲ့ သတင်းသမားတချို့ရှိနေဆဲပဲလို့ ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။  

မစနိုးလို ပြည်တွင်းထဲက သတင်းသမားတွေဟာ စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့သူတွေရှိသလို သတင်းရယူဖို့ ကြိုးစားရင်း စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရလို့ ပြစ်ဒဏ်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံလိုက်ရတဲ့ သတင်းသမားတွေလည်းရှိပါတယ်။ 

၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ရန်ကုန်မြို့က ပြောက်ကျားသပိတ်တွေကို သတင်းဓာတ်ပုံရိုက်ကူးရင်း ဖမ်းခံလိုက်ရတဲ့ အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုထွေးကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ထောင် ၃ နှစ် ချခံလိုက်ရပါတယ်။ 

အကျဉ်းထောင်ထဲမှာ ၂ နှစ်ကြာနေထိုင်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခံရတဲ့ ဒဏ်ရာတွေကြောင့် ဆက်လက်ဆေးကုသခံနေရဆဲဖြစ်တယ်လို့ ကိုထွေးက ပြောပါတယ်။ 

ကိုထွေးဟာ အဖမ်းမခံရခင်ကာလတွေကတည်းက လုံခြုံရေးအခြေအနေတွေကြောင့် အိမ်မပြန်ဘဲ ရှောင်ပုန်း နေခဲ့ရတာပါ။ သူအဖမ်းခံရပြီး ရုံးထုတ်တဲ့အချိန်မှာ သူ့အမေနဲ့ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး သူပြန်လွတ် မလာခင်မှာပဲ သူ့အမေဆုံးသွားခဲ့တယ်လို့ သူက ဆိုပါတယ်။

“ထောင်ဝင်စာတောင် မိသားစုက ခြံတွေရောင်းပြီးပို့ခဲ့ရတာ။ အခုက အမေလည်းဆုံးသွားပြီ” လို့ သူက ပြောပါတယ်။  

ကိုထွေးဟာ ဝန်ခံကတိလက်မှတ်ထိုးကာ သတင်းအလုပ်ဆက်မလုပ်ဖို့ ခြိမ်းခြောက်ခံထားရတာကြောင့် လက်တလောမှာ သတင်းအလုပ်ဆက်မလုပ်နိုင်ဘဲ ရပ်နားထားရပါတယ်လို့ သူက ဆိုပါတယ်။ 

ကိုထွေးလို သတင်းဓာတ်ပုံလိုက်ရိုက်ရင်း အဖမ်းခံလိုက်ရတဲ့ နောက်ထပ် ဓာတ်ပုံသတင်းထောက်တဦးကတော့ စစ်ကြောရေးမှာ အသက်သေဆုံးရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

၂၀၂၁ ဒီဇင်ဘာလ ရန်ကုန်မြို့မှာ အသံတိတ်သပိတ်ကို မှတ်တမ်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ စစ်ကြောရေးမှာပဲ သေဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေမှာဖော်ပြကြပါတယ်။ ကိုစိုးနိုင်မှာ ဇနီးနဲ့ ၅ နှစ်အရွယ် သားတယောက်ကျန်ခဲ့ပါတယ်။ 

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကစလို့ အခုအချိန်ထိ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ သတင်းသမားစုစုပေါင်းဟာ ၅ ဦးအထိရှိသွားပြီဖြစ်တယ်လို့ RSF က ဖော်ပြပါတယ်။

အာဏာသိမ်းကာလအစပိုင်းမှာ စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးပြီး ၅၀၅ (က) ပုဒ်မတပ်ကာ ထောင်ဒဏ် ၂ နှစ် နဲ့ ၃ နှစ် ချခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သတင်းသမားတွေကို ပိုမိုဖိနှိပ်လိုတာကြောင့် အကြမ်းဖက်ဥပဒေ၊ မတရားအသင်းဆက်သွယ်မှုဥပဒေစတဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

သတင်းသမားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး International Center for Not-For-Profit Law ( ICNL) အဖွဲ့ရဲ့ ၂၀၂၁-၂၀၂၄ အစီရင်ခံစာမှာတော့ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၂၀၀ ထဲမှာ မှ ၇၆ ဦးကို ပုဒ်မတပ် တရားစွဲဆိုခဲ့ပြီး သူတို့အားလုံးရဲ့ ထောင်ဒဏ်တွေကိုပေါင်းလိုက်ရင် နှစ် ၃၃၅ နှစ်အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ အဖမ်းခံခဲ့ရကာ ၁ နှစ်နဲ့ ၈ လ ထောင်ကျပြီး ပြည်ပကို ထွက်ပြေးလာရတဲ့ သတင်းစာဆရာ ဦးသန်းထိုက်အောင်ကလည်း ပြည်တွင်းထဲမှာ နေ့စဉ်သတင်းလုပ်နေရတဲ့ သတင်းသမားတွေဟာ “အချိန်မရွေးအဖမ်းခံရနိုင်တဲ့ အခြေအနေမှာရှိနေကြတယ်” လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်က သတင်းစာလွတ်လပ်ခွင့်အတွက် ဆန္ဒပြခဲ့ကြသည့် ပြည်တွင်းသတင်းစာဆရာများ။ ဓါတ်ပုံ - KZYT
သမ္မတဦးသိန်းစိန်လက်ထက်က သတင်းစာလွတ်လပ်ခွင့်အတွက် ဆန္ဒပြခဲ့ကြသည့် ပြည်တွင်းသတင်းစာဆရာများ။ ဓါတ်ပုံ - KZYT

စစ်တပ်ကို ထောက်ခံအားပေးတဲ့ သတင်းသမားတွေတောင် စစ်ကောင်စီ မကြိုက်တဲ့အသုံးအနှုန်း ဖော်ပြမိသွားတာ၊ ဝေဖန်မိတာမျိုး အနည်းငယ်လုပ်ရင်တောင် အဖမ်းခံနေရတာကြောင့် သတင်းကျင့်ဝတ်လိုက်နာပြီး မတရားမှုမှန်သမျှ ဖော်ထုတ်ရေးသားနေတဲ့ သတင်းသမားတွေရဲ့ဘဝဟာ ပိုလို့တောင် ခက်ခဲတယ်လို့ သူက ပြောပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဝေဖန်မိလို့ တပ်ထောက်ခံသူ သတင်းသမား ၂ ဦးကို ၂၀၂၃ ခုနှစ်ထဲမှာ စစ်တပ်က ယာယီထိန်းသိမ်းကာ ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

စစ်တပ်က ဘယ်ချိန်လာဖမ်းမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ အလုပ်လုပ်နေရတဲ့ မြန်မာပြည်တွင်းက သတင်းထောက်တွေဟာ သတင်းထောက်ဆိုပြီး ပေါ်ပေါ်ထင်ထင် နေလို့မရသလို သတင်းလိုက်တဲ့အခါတွေမှာ လည်း ကိုယ်ရေးကိုယ်တာ အချက်အလက် ပေါက်ကြားသွားလို့ မရတာကြောင့် လုံခြုံရေးအခြေအနေတွေကို ကြည့်ပြီး အလုပ်လုပ်နေရတယ်လို့ ဦးသန်းထိုက်အောင်က ပြောပါတယ်။ 

“ဆိုင်ကယ်သံကြားရင် ခွေးဟောင်သံကြားရင် ကျနော်တို့ အိပ်မပျော်နိုင်ဘူး။ ငါ့များလာဖမ်းတာလား၊ ငါ့များလာခေါ်တာလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက နေ့တိုင်းရှိပါတယ်။” လို့ ပြည်တွင်းမှာနေခဲ့စဉ်က ခံစားရတဲ့အခြေအနေကို သူက ပြောပါတယ်။

လက်ရှိမှာ ဦးသန်းထိုက်အောင်ဟာ ပြည်ပမှာ အခြေစိုက်တဲ့ သတင်းမီဒီယာဌာနတခုမှာ အယ်ဒီတာအဖြစ် ဆက်လက် လုပ်ကိုင်နေသူဖြစ်ပါတယ်။ 

သတင်းဌာနတွေဘက်ကလည်း သတင်းအရင်းအမြစ်တွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရသလို ပြည်တွင်းထဲက သတင်းထောက်တွေရဲ့ လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားပြီး သတင်းတင်ဆက်နေရတဲ့ အခြေအနေရှိတယ်လို့ သူက ဆိုပါတယ်။ 

ပြည်တွင်းထဲက သတင်းစာဆရာတဦးကလည်း လက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်လာပြီး အုပ်စုတွေများလွန်းတဲ့ အခုလိုအချိန်အခါမျိုးမှာ ဘက်မလိုက်ဘဲ ဟန်ချက်ညီညီ သတင်းလုပ်ဖို့ဟာ ခက်ခဲတဲ့ အခြေအနေ တခုဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ 

“ဟိုဘက်ဒီဘက် တံဆိပ်ကပ်ပြီး ဘောမ၊ ထမီခြုံ စသဖြင့် တံဆိပ်ကပ် ခြိမ်း‌ခြောက်ခံရတယ်။ ဆိုရှယ်မီဒီယာက ဆဲဆိုတာအပြင် အသက်အန္တရာယ် ခြိမ်းခြောက်တာခံရတဲ့ အခြေအနေကို သတင်းသမားတွေ ရင်ဆိုင်နေရတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။ 

ဒီနေရာမှာ သတင်းသမားတွေဟာ စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုတွေအပြင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ မြန်မာသတင်းသမားတွေက ဆိုပါတယ်။ 

မတရားမှုတွေကို ဖော်ထုတ်ရေးသားချင်တဲ့စိတ်နဲ့ တော်လှန်ရေးကာလမှာ သတင်းထောက်တယောက်ဖြစ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရာနဲ့ချီရှိရာ အညာဒေသက သတင်းထောက် ကိုဖြူဟာ သူ့ရဲ့ သတင်းတင်ဆက်ပုံတွေနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေကပါ သူ့ကို ဖမ်းဆီးအရေးယူနိုင်တာကြောင့် “လူသိမခံဘဲ သတင်းတွေကို ရေးသားတင်ဆက်နေရတယ်” လို့ ပြောပါတယ်။ 

“သတင်းသမားတယောက်က သတင်းတွေ ဘက်မလိုက်ဘဲ ရေးရတော့ ကျနော်က ဘက်မလိုက်ဘဲ ရေးတယ်။ အခုတောင် ပသုံးလုံး(ပအဖ၊ ပကဖ၊ ပလဖ)အဖွဲ့က ငါတို့ဆီမှာ သတင်းသမားတယောက် ရှိတယ်ဆိုပြီး စုံစမ်းနေတာ။” လို့ ကိုဖြူက ဆိုပါတယ်။ 

ဘေးန္တရာယ်ကို သတိထားရှောင်ပုန်းနေတဲ့ကြားက အဖမ်းခံလိုက်ရတဲ့ သတင်းထောက် မစနိုးကတော့ ပြန်လွတ်လာပြီးကတည်းက ရလာတဲ့ စိတ်ဒဏ်ရာတွေကြောင့် သတင်းတွေတောင် မဖတ်ရဲတော့ဘူးလို့ သူက ဆိုပါတယ်။ 

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ပြေးလွှားသတင်းတင်ဆက်နေတဲ့ သတင်းသမားတွေကို ကြည့်ရင်း သတင်းထောက်ဖြစ်ချင်ခဲ့တဲ့ မစနိုးဟာ ၂၀၁၄ မှာ သတင်းထောက်အလုပ်ကို စတင်လုပ်ခဲ့တာကြောင့် အခုဆိုရင် သတင်းသမားလုပ်သက် ၁၀ နှစ်ရှိနေပါပြီ။ 

အခုတော့ ဖမ်းခံရတုန်းက ရိုက်နှက်စစ်ဆေးခံခဲ့ရတဲ့ ပြင်ပဒဏ်ရာတွေနဲ့ စိတ်ဒဏ်ရာတွေကို ကုစားနေရဆဲ ဖြစ်ပါတယ်။ 

ဖမ်းဆီးနှိပ်စက်ခံရတဲ့အခြေအနေတွေကြောင့် လက်ရှိမှာ သတင်းပြန်ရေးဖို့ကို ထိတ်လန့်နေပေမယ့် သတင်းထောက်အလုပ်ကိုတော့ “စွန့်လွှတ်သွားဖို့တော့ မရှိပါဘူး” လို့ မစနိုးက ပြောပါတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းထောက် #သတင်းသမား #စစ်တပ် #ခြိမ်းခြောက် #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10