သောက်သုံးရေရဖို့ ၄ မိုင်ကျော် သွားလာပြီး ရေခပ်နေရ

သောက်သုံးရေရဖို့ ၄ မိုင်ကျော် သွားလာပြီး ရေခပ်နေရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အင်းတိုင်ကြီး၊ စမ်းစု၊ စိန်ပန်းပင်ရွာ၊ ဘူကုန်း၊ ဥယျာဥ်ကြီးစတဲ့ကျေးရွာတွေက ဒေသခံတွေဟာ သောက်သုံးရေရဖို့ ၄ မိုင်ကျော် သွားလာပြီး ရေခပ်နေရတယ်လို့ သိရပါတယ်။

နေပူပြင်းလာလို့ မြေသားရေကန်တွေ ခမ်းခြောက်လာသလို စက်ရေတွင်းရှိပေမယ့်လည်း စက်သုံးဆီဖိုး မတတ်နိုင်တာကြောင့် နီးစပ်ရာကျေးရွာတွေကို နွားလှည်းတွေနဲ့သွားလာပြီး ရေခပ်နေရတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။


"မိုးနဲ့ဆောင်းကတော့ ရေကန်တွေက ရေနဲ့သုံးကြတယ်။ ခုကျတော့ ရေခမ်းလာပြီ။ ရွာမှာရှိတဲ့ စက်ရေတွင်းတလုံးကရေတင်ဖို့ ဒီဇယ်သုံးရတယ်။ ရေရှည်ကျတော့ ကုန်ကျစရိတ်နဲ့ ရေပြန်ရတာက မကာမိတော့ အဆင်မပြေတော့ဘူး။ အဲတော့ လူပဲ အပင်ပန်းခံပြီး ရေခပ်ရတော့တယ်" လို့ ပြောပါတယ်။

အဲ့ဒီဒေသက ကျေးရွာတွေမှာ ၂ လက်မပိုက်တပ်စက် ရေတွင်းတတွင်းစီသာ ရှိကြပြီး ရေတင်ဖို့အတွက် စက်သုံးဆီဖိုးကို ကျေးရွာသားတွေက မျှခံရကာ ရရှိလာတဲ့ရေကို မျှဝေသုံးစွဲနေရတာလို့ သိရပါတယ်။

စစ်အာဏာမသိမ်းခင်က စက်သုံးဆီဒီဇယ်စျေးဟာ တလီတာကို ကျပ် ၁၀၀၀ ကျော်သာ ရှိခဲ့လို့ စက်မောင်းနှင်အသုံးပြုနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ကျပ် ၂၀၀၀ ကျော်ထိ ရှိလာတဲ့အတွက် ငွေကြေးမတတ်နိုင်တာကြောင့် စက်ရေတွင်းကိုအသုံးမပြုနိုင်ဘူးလို့ သိရပါတယ်။

"အရင်ကတော့ မျှခံစနစ်နဲ့ သွားကြတယ်။ အခုကျတော့ မျှကိုမခံနိုင်ကြတော့တာ။ ခုကာလက စီးပွားရေးတွေကလည်း အခြေအနေမကောင်းတော့လေ။ ခုဆို ဒီဇယ်ဖိုး အလှူရှင်ရှိမှ ရေတင်နိုင်တဲ့အခြေနေ ရှိနေတာ။ ပြီးခဲ့တဲ့ရက်က ဘူကုန်းရွာကို ဒီဇယ်ဖိုး ၅၀၀၀၀ လှူတာ ရေတင်တော့ ရေက ၁၀ ပေပါပဲ ရေရတယ်" လို့ ရေနံချောင်းနယ်မှာ ရေနဲ့အရိပ်ရအပင်တွေရဖို့ကြိုးစားပေးနေတဲ့ ရေနံ့သာဒင်းဂါးက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေဟာ အိမ်ခြေ ၁၀၀ ကနေ ၂၀၀ ကျော်အထိရှိကာ လူဦးရေ ၄၀၀ ကျော်ကနေ ၈၀၀ ခန့်အထိ နေထိုင်တဲ့ရွာတွေဖြစ်ပြီး ရေရှားပါးလာလို့ သောက်ရေနဲ့ သုံးရေကို ချွေတာသုံးနေရကာ တိရစ္ဆာန်တွေအတွက် သောက်ရေရဖို့တောင် ခက်ခဲနေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10