သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦးစလုံး သေဆုံးလျက်ပြန်တွေ့

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦးစလုံး သေဆုံးလျက်ပြန်တွေ့

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ယက်ကန်းတော်ကျေးရွာ၊ ဒေါ်အေးကျင်ကွေ့လမ်းအနီးမှာ ရေဆိုးထုတ်မြောင်းဆောက်လုပ်ရေးဆိုဒ်တခုမှာ သဲတာကျိုးတာကြောင့် ပျောက်ဆုံးနေတဲ့  အလုပ်သမား ၇ ဦးစလုံးကို သေဆုံးလျက်ပြန်တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၆ ရက် မနက် ၆ နာရီကျော်ကစတင်ပြီး အလုပ်သမားတွေပျောက်ဆုံးနေတဲ့နေရာကို ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေက ရှာဖွေရာ မနက် ၉ နာရီကျော်မှာ အသက် ၅၆ နှစ်အရွယ် ဦးမြင့်အောင်နဲ့ နေ့လယ် ၁ နာရီခန့်မှာ ၂၉ နှစ်အရွယ် ကိုခန့်သူအောင် (ခ) တက်တူးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ပြီး ညနေပိုင်းမှာ နောက်ထပ် ၅ ဦးရဲ့အလောင်းတွေကို ရေဆိုးထုတ်မြောင်းအတွင်းမှာ ထပ်တွေ့ခဲ့တာလို့ ဆိုပါတယ်။ 

"အဲနေ့က (ဇူလိုင် ၁၆) တရက်တည်းပဲ အလောင်းတွေကို အကုန်ပြန်တွေ့ရတယ်။ အလောင်းတွေကတော့ဆေးရုံကိုပို့တယ်။ အဲ့ကနေတဆင့် မိသားစုဝင်တွေဆီ ပြန်ရောက်ပြီး နာရေးကိစ္စတွေ ဆောင်ရွက်နေကြတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၈ နာရီကျော်ခန့်မှာ ရေဆိုးထုတ်မြောင်းပြုလုပ်နေတဲ့ဆိုဒ်အနီး သဲဖို့ထားတဲ့ နေရာကို ဧရာဝတီမြစ်ရေ ဝင်ရောက်လာချိန် ဖို့ထားတဲ့သဲတာကျိုးကာ အလုပ်သမား ၁၀ ဦး မျောပါခဲ့ပြီး ၃ ဦးကို ချက်ချင်းပြန်ဆယ်နိုင်ခဲ့ပေမယ့် ၇ ဦးက ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ 

ပျောက်ဆုံးနေသူတွေဟာ အသက် ၁၈ နှစ် ကိုကျော်ဇင်လင်း၊ အသက် ၂၁ နှစ် ကိုတရုတ်ကြီး၊ အသက် ၂၂ နှစ် ကိုငနေ၊ အသက် ၂၃ နှစ် ကိုငယ်ငယ်၊ အသက် ၂၉ နှစ် ကိုခန့်သူအောင်(ခ)တက်တူး၊ အသက် ၃၀ နှစ် ကိုအောင်မိုးကျော်နဲ့ အသက် ၅၆ နှစ် ဦးအောင်မြင့် တို့ဖြစ်ပြီး အားလုံးကို သေဆုံးလျက် ပြန်တွေ့ခဲ့တာပါ။ 

ယခုဇူလိုင်လအတွင်းမှာ ဧရာဝတီ၊ ချင်းတွင်းမြစ်ရေအပါအဝင် မြစ်ရေကြီးမှုတွေကြောင့် ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ရေကြီးရေလျှံတာတွေဖြစ်ပေါ်နေပြီး ရေကြီးမှုတွေအတွင်း လူသေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #အမရပူရ #သဲတာကျိုး #သေဆုံး #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10