သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦး ပြန်ရှာမတွေ့သေး

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦး ပြန်ရှာမတွေ့သေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယက်ကန်းတော်ကျေးရွာအနီး၊ ဒေါ်အေးကျင်ကွေ့လမ်းအနီးမှာ ရေဆိုးထုတ်မြောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု တာကျိုးပေါက်မှုကြောင့် ပျောက်ဆုံးနေတဲ့  အလုပ်သမား ၇ ဦး ပြန်ရှာမတွေ့သေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းထိ လူမှုကူညီရေးအသင်းအဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ ဝိုင်းဝန်းရှာဖွေနေပေမယ့် မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၈ နာရီကျော်ခန့်မှာ ရေဆိုးထုတ်မြောင်းပြုလုပ်နေတဲ့ လုပ်ငန်းခွင်အနီးက သဲဖို့ထားတဲ့ နေရာကနေ ဧရာဝတီမြစ်ရေကျော်ဝင်လာကာ ရေနဲ့သဲတွေနဲ့ရောပြီး လုပ်ငန်းခွင့်အတွင်း အလုပ်လုပ်နေတဲ့ အလုပ်သမား ၁၀ ဦးမျောပါခဲ့ကာ ၃ ဦးကို ချက်ချင်းပြန်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ပျောက်ဆုံးနေသူတွေ အသက်ရှင်လျက်ပြန်တွေ့ရဖို့ကတော့မျှော်လင့်ချက်တော့နည်းနေပြီ။ ဒါပေမယ့် ဆက်ရှာနေကြတယ်။ ပြန်တော့မတွေ့ကြသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ အသက် ၂၀ ကျော်ကနေ ၅၀ ကြားတွေရှိတဲ့ ဆောက်လုပ်ရေးလုပ်သားတွေလို့ သိထားရပြီး သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဧရာဝတီမြစ်ရေက ရေဆိုးမြောင်းစီမံကိန်းလုပ်ငန်းခွင်အတွင်းကိုသာ ဝင်ရောက်ခဲ့တာလို့သိရပြီး အခြား လူနေရပ်ကွက်တွေထဲ ဝင်ရောက်တာမရှိဘူးလို့ သိရပါတယ်။

ယခုဇူလိုင်လအတွင်းမှာ ဧရာဝတီ၊ ချင်းတွင်းမြစ်ရေအပါအဝင် မြစ်ရေကြီးမှုတွေကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်နဲ့ မကွေးတိုင်းတွေမှာ ရေကြီးရေလျှံတာတွေရှိခဲ့ပြီး လူသေဆုံးတာတွေလည်းရှိနေခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #အမရပူရမြို့ #ယက်ကန်းတော်ကျေးရွာ #ရေဆိုးထုတ်မြောင်း #ပျောက်ဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10