သဲတောရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ဦးသေဆုံးနိုင်ပြီး PDF ၂ဦးကျ

သဲတောရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ဦးသေဆုံးနိုင်ပြီး PDF ၂ဦးကျ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် သဲတောကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၉ ရက် မနေ့က နေ့လည် ၂ နာရီကျော်လောက်မှာ သဲတောဘက်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ သဲတောကျေးရွာထဲမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

"မနေ့က ဒီကောင်တွေက စစ်ကြောင်းထိုးလာတာ။ ဒီဘက်ကလည်း လက်နက်ကြီးတွေပစ်တယ်။ သူတို့ဘက်ကလည်းပစ်တယ်။ တိုက်ပွဲကကြာတယ်။ ရွာထဲတိုက်ပွဲမှာ ပူးပေါင်းအဖွဲ့က ရဲဘော်တွေကျတာရှိတယ်။ စကစ ဘက်ကလဲ ကျတယ်"လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးနိုင်ပြီး ဒေသပြည်သူ့ကာကွယ်ရေးဘက်က ၂ ဦးကျဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က ကိုင်ဆောင်တဲ့ သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆံတွေနဲ့ ကျည်ကာ အင်္ကျီတွေဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၂၀ရက် ညနေပိုင်းထိ သဲတောကျေးရွာကနေ မထွက်သွားသေးဘဲ တပ်စွဲထားလို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က လက်နက်ကြီးတွေနဲ့ သွားပစ်ခဲ့ပေမယ့် ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်တွေ သဲတောရွာကို ဝင်လာလို့ သဲတော၊ ကျောက်ထပ်၊ ကွမ်းသီးကန် ကျေးရွာတွေက ဒေသခံ ၅၀၀လောက် နေရပ်စွန့်ခွာထွက်ပြေး နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှာ သဲတောကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး အသက် ၈၀ ကျော်အရွယ်အမျိုးသမီး ၁ ဦး မီးလောင်သေဆုံးခဲ့ရပါသေးတယ်။


#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10