သံချပ်ကာယာဉ်တစီးကို မတ္တရာနယ်မှာ ပထမဆုံးအကြိမ် ဖျက်ဆီးနိုင်၊ သံချပ်ကာနဲ့အင်အားပြမှု စစ်တပ်က ထပ်မလုပ်တော့(ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ သံချပ်ကာယာဉ်တစီးကို ပထမဆုံးအကြိမ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

ဇူလိုင်လ ၆ ရက်က မတ္တရာမြို့ရဲ့မြောက်ဘက်ရှိ တံငါတောင်ရွာဘက်ကို သံချပ်ကာကားနဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး သံချပ်ကာယာဉ်ကို RPG နဲ့ ၃ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" R7နဲ့သုံးလုံးပစ်လိုက်တယ်။ ဘီးတွေကတော့ မောင်းမရအောင်စုတ်ပျက်သွားတယ်တဲ့။ စကစ က တင့်ကားနောက်တစီးနဲ့ မတ္တရာဘက်ကိုပြန်ဆွဲသွားတယ်" လို့ မြေပြင်အခြေအနေတင်ပြချက်တွေကိုကိုးကားပြီး ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို  ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ်ပကဖ၊ မတ္တရာမြို့နယ် တိုက်နယ်၂ ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်းတို့ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေသိမ်းပိုက်ခံနေရလို့ မတ္တရာနယ်ထဲကို သံချပ်ကာယာဉ် ၂စီးနဲ့ စစ်အင်အားပြ စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပေမယ့် သံချပ်ကာကားတစီးဖျက်ဆီးခံရပြီးတဲ့နောက် ကျန်တစီးကပါ အင်အားပြတာတွေ မလုပ်တော့ဘူးလို့သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က တံငါတောင်ရွာမှာ တပ်စွဲထားပြီး  ရေနံ့သာကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ မတ္တရာနယ်ထဲက စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ရင်းဌာနချုပ်တခုအပါ တပ်စခန်း တဒါဇင်ထက်မနည်းကို သိမ်းပိုက်ထားနိုင်ကာ လူ၊လက်နက်၊ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိထားတဲ့အပြင် သံချပ်ကာယာဉ်တစီးကိုလည်း ဖျက်ဆီးထားနိုင်တာ ဖြစ်ပါတယ်။

ပုံစာ - မတ္တရာနယ်အတွင်း စစ်ကြောင်းထိုးဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သံချပ်ကာယာဉ်များ။

သတင်း - N ၊ စာတည်း - ဟိန်းစံ ၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10