သံခြေကျင်းနဲ့ဆေးကုနေရင်း သေဆုံးသွားတဲ့ နိုင်ကျဉ်းကို သင်္ဂြိုဟ်ခါနီးအထိ သံခြေကျင်း မဖြုတ်ပေး

သံခြေကျင်းနဲ့ဆေးကုနေရင်း သေဆုံးသွားတဲ့ နိုင်ကျဉ်းကို သင်္ဂြိုဟ်ခါနီးအထိ သံခြေကျင်း မဖြုတ်ပေး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီအကျဥ်းထောင်က ဆေးကုသမှုခံယူနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၁ ဦး အောက်တိုဘာ ၁၃ ရက် မနေ့က ကွယ်လွန်သွားခဲ့ပြီး စစ်ကောင်စီက ဒီကနေ့ သင်္ဂြိုဟ်ခါနီးအထိ သံခြေကျင်းမဖြုတ်ပေးဘူးလို့ သေဆုံးသူနဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ထံက သိရပါတယ်။

သေဆုံးသူဟာ ရန်ကုန်မြို့၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်က နိုင်ငံရေးအမှုနဲ့ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရသူ၊ အသက် ၄၁ နှစ် အရွယ်ရှိ ဦးဌေးအောင်ကျော် ဖြစ်ပြီး အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံထားရသူဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်ကြောရေး ဒဏ်တွေပေါ့။ အသည်းနဲ့ကျောက်ကပ် ထိတာ။ အသည်းက မရှိတော့ဘူး" လို့ မိသားစုနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးဌေးအောင်ကျော်ဟာ အကျဥ်းထောင်အတွင်း နာမကျန်းဖြစ်နေတဲ့အတွက် ၄ ကြိမ် ဆေးကုသခွင့်ရခဲ့ပေမယ့် ဆေးကုသမှုခံယူနေရာကနေ အောက်တိုဘာ ၁၃ ရက် မနေ့က သာယာဝတီဆေးရုံမှာပဲ ဆုံးပါးခဲ့တာဖြစ်ကာ ၎င်းဟာ ဆေးကုသနေစဉ်မှာလည်း သံခြေကျင်းခတ်ခံထားရပြီး ဒီနေ့မနက်နာရေးချခါနီးအချိန်ထိ သာယာဝတီအကျဥ်းထောင်က သံခြေကျင်းလာဖြုတ်မပေးဘူးလို့ ဆိုပါတယ်။

ဦးဌေးအောင်ကျော်ဟာ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်အတွင်းမှာ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ဂ) ၊ ၅၀ (ည)တွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

ဦးဌေးအောင်ကျော်သေဆုံးမှုအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  ဝမ်းနည်းကြောင်းထုတ်ပြန်ထားပြီး ဦးဌေးအောင်ကျော်ရဲ့ညီဖြစ်သူမှာလည်း အင်းစိန်ထောင်မှာ နိုင်ငံရေးအမှုနဲ့ ထောင်ဒဏ် ၇ နှစ်အပြင် သေဒဏ်ပါချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ပုံစာ - သာယာဝတီထောင်မှာ ဆေးကုသနေရင်းကွယ်လွန်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ဦးဌေးအောင်ကျော်။

စာတည်း - ဟိန်းစံ 

#မြေလတ်အသံ

#သာယာဝတီထောင် #နိုင်ကျဉ်း #စစ်ကြောရေး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10