သံဃာအပါ လူ ၅ ဦးနဲ့ ရှော့တိုက်ဒုံးတွေဖမ်းမိ၊ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့လို့ စစ်တပ်ဝါဒဖြန့်

သံဃာအပါ လူ ၅ ဦးနဲ့ ရှော့တိုက်ဒုံးတွေဖမ်းမိ၊ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့လို့ စစ်တပ်ဝါဒဖြန့်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာအနီး၊ ပဲခူး-သနပ်ပင်လမ်းဆုံမှာ သံဃာ ၁ ပါးအပါအဝင် လူ ၅ ဦးကို ရှော့တိုက်ဒုံးတွေနဲ့ အဖမ်းခံရသူတွေဟာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ကလို့ စစ်တပ်က ဝါဒဖြန့်တာဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ DSRB က ပြောပါတယ်။ 

ရှော့တိုက်ဒုံးတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့တခုဖြစ်တဲ့ Dark Side Revolution Burma (DSRB) အဖွဲ့ဝင်တွေ မဟုတ်ဘဲ စစ်ကောင်စီက တမင်ဝါဒဖြန့်နေတာသာဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီကတော့ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းမှာ ပဲခူး-သနပ်ပင်လမ်းဆုံမှာ သာသနာယာဥ်နံပါတ်ပြားတပ်ထားတဲ့ Nissan March ယာဥ်ပေါ်မှာ ဥူးသောဘန (ခ) သာကျော်ဌေးအပါအဝင် ထက်နောင်နောင်(ခ) နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီတို့လိုက်ပါလာပြီး ကားပေါ်ကနေ ရှော့တိုက်ဒုံး ၁၀ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေဟာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Dark Side Revolution Burma (DSRB) အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စစ်ကောင်စီဘက်ကတော့ စွပ်စွဲထားပါတယ်။ 

"ကျနော်တို့ဘက်ကလည်း ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းပဲ ကြားလိုက်တယ်။ သေချာတာကတော့ ကျနော်တို့ အဖွဲ့ဝင်တွေ မဟုတ်ဘူး။ လူတွေကတော့ ရေတံခါးတာဝကျေးရွာက လူတွေလို့ပဲ သိရတယ်" လို့ ပဲခူးမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးရမိသူတွေအနက် အောင်နိုင်မျိုးရဲ့ထွက်ဆိုချက်အရ သူနေထိုင်ရာ ရေတံခါးတာဝကျေးရွာနေအိမ်ကနေ လက်လုပ် ၄၀ မမ ဗုံးပစ်လောင်ချာတလက်နဲ့၊ ဗုံးသီးအချို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ(အကယ်ဒမီ) ကျင်းပတဲ့ ဖေဖော်ဝါရီ ၃ ရက်ညမှာ ပဲခူးမြို့ပေါ် လူစည်ကားရာနေရာတွေကို ရှော့တိုက်ဒုံးတွေပစ်ခတ်ဖို့ ရည်ရွယ်ထားကြတယ်လို့ ဝါဒဖြန့်ထားပါတယ်။

ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီကျော်ခန့်မှာ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ကျိုက်ထိုဘက်ကနေ ပဲခူးဘက်ကို ယာဥ်မောင်းအောင်ကိုမင်း ၂၀ နှစ်နဲ့ နိုင်ငံရေးအကျဥ်းသူတဦးတို့လိုက်ပါလာတဲ့ ဟိုင်းလတ်ယာဥ် ပေါ်ကနေ စနိုက်ပါ ၁ လက်၊ M 16 ၁ လက်၊ MA 1 ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၂,၉၀၀ တောင့်၊ ကျည်ဘောက် ၅ ခုနဲ့ ယမ်းတွေကို စစ်ကောင်စီဘက်ကဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#DSRB #စစ်တပ် #ဝါဒဖြန့် #ဖမ်းဆီး #သတင်း #ပဲခူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10