သံဃာအပါအဝင် လူ ၁၂ ဦးလိုက်ပါလာတဲ့ Hilux Surf တစီး တိမ်းမှောက်၊ ၈ ဦးဒဏ်ရာရ

သံဃာအပါအဝင် လူ ၁၂ ဦးလိုက်ပါလာတဲ့ Hilux Surf တစီး တိမ်းမှောက်၊ ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၇/ဝ) ဖာလုံကြားမှာ သံဃာတော်အပါအဝင် လူ ၁၂ ဦးလိုက်ပါလာတဲ့ Hilux Surf တစီး တိမ်းမှောက်တာကြောင့် ၈ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းလာတဲ့ သံဃာ၊ ကိုရင်နဲ့ ကျောင်းသား စုစုပေါင်း ၁၂ ဦးလိုက်ပါလာတဲ့ Toyota Hilux  Surf အမျိုးစား(နီညိုရောင်)ယာဉ်မှာ ဖြစ်စဥ်နေရာအရောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"ယာဥ်မောင်းက အိပ်ငိုက်သွားလို့ ကားက လမ်းဘေးဆွဲချသလိုဖြစ်သွားရာကနေ လက်ကိုင်ကို ပြန်ဆွဲရင်း ကားက လေးငါးခြောက်ပတ်မက လိမ့်သွားပြီး မှောက်သွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီမော်တော်ယာဥ်ဟာ မှော်ဘီဘက်ရှိ ဘုန်းကြီးကျောင်းတကျောင်းကနေ မကွေးဘက်ကို ဘုရားဖူးထွက် လာတဲ့ကားဖြစ်တယ်လို့ ဆိုပါတယ်။

ကားမှောက်တာကြောင့် ယာဥ်ပေါ်ပါ သံဃာ ၂ ပါး၊ ကိုရင် ၄ ပါး၊ ကျောင်းသား ၂ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာရသွားပြီး ဒဏ်ရာရသူတွေအနက် သံဃာ ၁ ပါးနဲ့ ကိုရင် ၂ ပါးက စိုးရိမ်ရတယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အမြန်လမ်းမီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေက ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ပေးထားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်ကလည်း ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ၉၇/၂ မိုင်မှာ ယာဥ်တိုက်မှု ဖြစ်လို့ သံဃာ ၁ ပါး ပျံလွန်တော်မူပြီး လူ ၄ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အမြန်လမ်းမကြီး #သံဃာတော် #ယာဉ်တိမ်းမှောက် #HiluxSurf #ဘုရားဖူး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10