သံတောင်ကြီးတိုက်ပွဲ လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရ

သံတောင်ကြီးတိုက်ပွဲ လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ မိုင်းလွန်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မိုင်းလွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို KNLA ပူးပေါင်းတပ်တွေဘက်က လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်လက်နက်ကြီး ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်​ပွဲအတွင်းမှာ စစ်ကောင်စီ ဇလဲတပ်စခန်းနဲ့ လိပ်သိုမြို့အနီး စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"တိုက်ပွဲက တော်တော်ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေလည်း အပြန်အလှန်ပစ်ကြတယ်။ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးကတော့ ပိုများတယ်။ သိရသလောက်က သေဆုံးဒဏ်ရာရသူတွေလည်းရှိတယ်။ သေဆုံးသူတွေကတော့ အတိအကျမသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီး ၁ လုံးဟာ ကော်ပတ်ခြံကျေးရွာနေ ဦးဖိုးပြား ၅၉ နှစ် နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး ဦးဖိုးပြား၊ ဇနီးဖြစ်သူ နော်ဝါးထူး ၅၅ နှစ်၊ သားဖြစ်သူ စောစိုးလင်းခိုင် ၈ နှစ်၊ နော်မလော် ၆၄ နှစ်၊ စောပြည့်ဖြိုးအောင် ၁၀ နှစ်တို့ဟာ မျက်လုံး၊ ခြေထောက်၊ လည်ပင်း၊ ရင်ဘတ်တွေမှာ အစမှန်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုင်းလွန်နဲ့ကော်ပတ်ခြံကျေးရွာက နေအိမ် ၇ လုံးထက်မနည်း လက်နက်ကြီးထိလို့ ပျက်စီးခဲ့ပါသေးတယ်။

တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေဘက်မှာလည်း နှစ်ဖက်စလုံး ထိခိုက်သေဆုံးသူတွေရှိတယ်လို သိရပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာလည်း ဘေးလွတ်ရာ တောတောင်တွေနဲ့ လိပ်သိုမြို့ဘက်တွေကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သံတောင်ကြီးမြို့နယ်အတွင်းမှာ မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတသောင်းဝန်ကျင်ဟာ တနှစ်ကျော်ကြာတဲ့အထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Thandaung Mupoe က ဖော်ပြချက်အရ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ကရင်ပြည်နယ် #သံတောင်ကြီး #လိပ်သို #KNU/KNLA #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #စစ်ရှောင် #ဒေသခံ #မြေလတ်သတင်း #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10