သံတောင်ကြီးမှာ လေယာဥ်နဲ့ဗုံးကြဲလို့ ကလေး ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ

သံတောင်ကြီးမှာ လေယာဥ်နဲ့ဗုံးကြဲလို့ ကလေး ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကာ နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ မေ ၁၁ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

မေ  ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာ သံတောင်ကြီးမြို့နယ်၊ ကလေ့လိုအရှေ့ဘက်ခြမ်းဒေသရှိ ဘဲခလေးခိုကျေးရွာနဲ့ သေ့ခူဒဲကျေးရွာကို ဗုံး ၇ လုံးကြဲချရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။ 

"တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ လေကြောင်းကနေ ဗုံးလာကြဲချသွားတာမျိုးပါ။ ကလေးတွေ ထိခိုက်သေဆုံးနဲ့ အိမ်ပျက်စီးတာရှိတယ်လို့တော့ သတင်းကြားရတယ်။ ရွာတွေကလှမ်းတော့ အသေးစိတ်တော့မသိရဘူး"လို့ သံတောင်ကြီးဒေသခံတဦးကပြောပါတယ်။

ဘဲခလေးခိုကျေးရွာကို ဗုံးကြဲချိန် အသက် ၄ နှစ်အရွယ် ယောက်ျားလေး ၁ ဦး သေဆုံး၊ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကာ သေ့ခူဒဲကျေးရွာကို ဗုံးကြဲချိန်မှာတော့ ဘုရားကျောင်းနဲ့ နေအိမ်အဆောက်အဦးအချို့ ပျက်စီးခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်ကလည်း သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ မိုင်းလွန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဇလဲစစ်ကောင်စီတပ်စခန်းနဲ့ လိပ်သိုမြို့အနီး စစ်ကောင်စီတပ်စခန်းတွေကနေ ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ မိုင်းလွန်၊ ကော်ပတ်ခြံကျေးရွာတွေထဲကို ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ကော်ပတ်ခြံကျေးရွာက အသက် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သလို မိုင်းလွန်ရွာထဲက ဒေသခံ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကရင် #သံတောင်ကြီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ကလေးသူငယ် #ပြည်သူ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10