“သွေးနဲ့ရေးတဲ့ ဆဲဗင်းဂျူလိုင် စိတ်ဓါတ် နွေဦးတော်လှန်ရေးအထိ အသက်ဝင်နေဆဲပါ”

စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနဲ့ စစ်အာဏာရှင်တွေကြောင့် မိခင်ဒေါင်းအလံနဲ့ ကျောင်းနံရံတွေဟာ အကြိမ်ကြိမ် သွေးစွန်းခဲ့ရပါတယ်။ ကျောင်းသားထုရဲ့ သွေးတွေဟာလည်း မြေကျခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့်လည်း သမဂ္ဂစိတ်ဓါတ်နဲ့ အာဏာရှင်ကို အမြစ်ကဖြိုချင်တဲ့ တိုက်ပွဲတွေကတော့ ယနေ့ နွေဦးတော်လှန်ရေးအထိ အသက်ဝင်လှုပ်ရှား နိုးကြားနေဆဲလို့ ဆိုရမှာပါ။
 
မြန်မာ့သမိုင်းမှာ အချိုးအကွေ့တွေဖြစ်စေမယ့် ဖြစ်ရပ်နှစ်ခုဟာ ဇူလိုင်လထဲမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်ရပ်တွေဟာ နာကျင်၊ ဝမ်းနည်းဖွယ်ကောင်းလှသလို ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တဲ့ သမိုင်းသင်ခန်းစာတွေလည်း ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြီးနှစ်ခုကတော့ နိုင်ငံ့ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ အာဇာနည်နေ့နဲ့ ဆဲဗင်းဂျူလိုင်(7July) လို့ သိထားကြတဲ့ ကျောင်းသားအရေးအခင်းပါပဲ။
 
၁၉ ဇူလိုင် မမေ့နိုင်ဆိုပြီး မျက်ရည်သွန်းဖြိုးကာ အောက်မေ့ဖွယ်အခမ်းအနားတွေကို တခမ်းတနားနဲ့ နိုင်ငံတော်အဆင့် ပြုလုပ်ခဲ့ကြပေမယ့် ဆဲဗင်းဂျူလိုင်အရေးအခင်းလို တက္ကသိုလ်ကျောင်းသားတွေ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာကိုတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုအများစုက နှစ်အတော်ကြာအောင် မသိကျိုးကျွံပြုခဲ့ကြပါတယ်။ ဒီကနေ့ဆိုရင် ဆဲဗင်းဂျူလိုင် အရေးအခင်း ၆၁ နှစ်ပြည့်မြောက်ခဲ့ပါပြီ။
 
တကယ်တော့ ဆဲဗင်းဂျူလိုင်အရေးအခင်းကနေပြီး အာဏာရှင်ဦးနေဝင်းဦးဆောင်တဲ့ စစ်အုပ်စုတွေရဲ့ မင်းသားမျက်နှာဖုံးကို ဆွဲခွာချလိုက်နိုင်ပါတယ်။ ဒီဖြစ်ရပ်မှာ စစ်အာဏာရှင်ဆိုတာ ကမ္ဘာမှာရော မြန်မာမှာပါ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နှိပ်စက်တဲ့ နေရာမှာ အတူတူပဲဆိုတာကို ပြသခဲ့တာပါ။ မြန်မာ့သမိုင်းမှာလည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း တခါမှမပေါ်ပေါက်ဘူးသေးတဲ့ ရက်စက်မှုအဖြစ်လည်း သမိုင်းမှတ်တမ်းဆိုး ဝင်ခဲ့ပါတယ်။
 
သွေးစွန်းနေ့ရက်ဖြစ်လာမယ့် အကြိုကာလလို့ဆိုရမယ့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် ဦးနေဝင်းအာဏာသိမ်းမှုနဲ့အတူ တော်လှန်ရေးကောင်စီဆိုပြီး ဖိနှိပ်မှုတွေဟာ စတင်ခဲ့တာပါ။
 
အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ တကသ၊ ရကသ၊ ဗကသ တွေက အာဏာသိမ်းတာကိုလက်မခံဘူးလို့ ပူးတွဲကြေညာချက် ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးနေဝင်းဟာ ဂရုမစိုက်သလို ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် အက်ဥပဒေတွေကို ဖျက်သိမ်းလိုက်ပြီး မတရားကျောင်းဆောင်စည်းကမ်းတွေထုတ်ပြန်ကာ ဖိနှိပ်လာတာကြောင့် ကျောင်းသားထုတွေကြား မကျေနပ်မှုတွေ စတင်ခဲ့ရပါတော့တယ်။
 
ဇူလိုင်လရဲ့ မိုးရေစက်တွေအောက်မှာပဲ တက္ကသိုလ်ကျောင်းပရဝဏ်တဝိုက်က အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေဟာ တခုပြီးတခု စတင်လာပါတော့တယ်။ ဇူလိုင် ၃ ရက်နေ့မှာတော့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထုအစည်းအဝေးကျင်းပပြီး ကမောက်ကမပညာရေးစနစ် ဖျက်သိမ်းပေးရေးနဲ့ မတရားအဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
 
အဲ့ဒီနောက်မှာပဲ အရှိန်ရလာတဲ့ ဆန့်ကျင်ကန့်ကွက်မှုအဖြစ် ဇူလိုင် ၆ ရက်၊ ရွှေဘိုဆောင် အစည်းအဝေးမှာတော့ ကန့်ကွက်တယ်လို့ ဆုံးဖြတ်ရုံတင်မကဘဲ ကြွေးကြော်သံတွေနဲ့ အဆောင်ပြင်တွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ပူးပေါင်းပါဝင်လာကြတဲ့ ကျောင်းသားထုကြီးတွေနဲ့ ပြည်၊ ပုဂံ၊ တကောင်းစတဲ့ ကျောင်းဆောင်တွေအထိပါ လှည့်လည်ခဲ့ကြပါတော့တယ်။
 
သမိုင်းဝင် ဖြစ်ရပ်ဖြစ်လာမယ့် ဇူလိုင် ၇ ရက် နေ့လယ် ၁ နာရီမှာတော့ ကျောင်းသားထုကြီးအားလုံးရဲ့ အစည်းအဝေးအဖြစ် သမဂ္ဂအဆောက်အဦမှာ ပြုလုပ်ခဲ့ပြီး ယခင်ကန့်ကွက်ခဲ့ကြတဲ့ အချက်တွေနဲ့ တခဲနက်ကန့်ကွက် လှည့်လည်ဆန္ဒပြအပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြပါတယ်။
 
အဲ့ဒီနေ့ နေ့လယ် ၂ နာရီမှာတော့ ရဲကား ၂ စီးဟာ တက္ကသိုလ်ဝန်းထဲဝင်လာပြီး တကသဥက္ကဌတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထွက်ခွာသွားကြပါတော့တယ်။
 
ဖမ်းဆီးခံရမှုကို သိလိုက်ရတဲ့ ကျောင်းသားတွေကတော့ တက္ကသိုလ်ကျောင်းတံခါးတွေကို ပိတ်လိုက်ပြီး တကသဝန်းထဲ ဝင်ဖို့ကြိုးစားကြရင်း ရဲတပ်ဖွဲ့တွေရဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခြင်းကို ခံလိုက်ရပါတော့တယ်။
 
ပြင်းထန်လာတဲ့ ဆန္ဒပြမှုတွေမှာ ကျောင်းသားထုတွေက အင်အားများပြားလာပြီး ရဲတပ်ဖွဲ့က မနိုင်တော့တာကြောင့် ညနေ ၄ နာရီမှာတော့ တပ်ရင်း ၄ က စစ်သားအများအပြားတင်ဆောင်လာတဲ့ စစ်ကား ၂ စီးနဲ့ တက္ကသိုလ်ဝန်းကျင်တခုလုံးကို ပိတ်ဆို့လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ စစ်မြေပြင်မှာ တခါမှ အသုံးမပြုရသေးတဲ့ ဂျီသရီးမောင်းပြန်ရိုင်ဖယ်တွေနဲ့ ကျောင်းသားထုကို တရစပ်ပစ်ခတ်ခဲ့ကြပါတော့တယ်။ အဲ့ဒီပစ်ခတ်မှုမှာ ကျောင်းသား ရာချီကျဆုံးခဲ့သလို အများအပြား ဖမ်းဆီးခံလိုက်ကြရပါတယ်။
 
နောက်တနေ့ဖြစ်တဲ့ ဇူလိုင် ၈ ရက်မှာတော့ အာဏာရှင်ဦးနေဝင်းဟာ သမိုင်းဝင်တကသအဆောက်အဦကို ဗုံးခွဲဖျက်ဆီးလိုက်ပါတော့တယ်။ ဒါ့အပြင် အာဏာရှင်ရဲ့ နှုတ်ထွက်ပီပီ "ဓားကိုဓားချင်း လှံကိုလှံချင်းဆိုင်ရန်သာရှိတော့ကြောင်း” လို့ အစချီတဲ့ စကားကို မြန်မာ့အသံရေဒီယိုကနေ အသံလွှင့်လိုက်ပါတယ်။
 
မြန်မာ့စစ်အာဏာရှင်ကတော့ ခေတ်အဆက်ဆက် စစ်အာဏာတည်မြဲရေးနဲ့ စစ်တပ်ဖယ်မထုတ်နိုင်ရေးတို့ကို အုတ်မြစ်ခိုင်အောင် လုပ်ခဲ့သလို ယနေ့အထိလည်း လုပ်ဆောင်နေဆဲပဲဆိုတာကို နွေဦးတော်လှန်ရေးက သက်သေပြနေပါတယ်။
 
၆၁ နှစ်ပြည့်ပြီဖြစ်တဲ့ ဒီကနေ့မှာ ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓါတ်ကို ဆက်လက်ကိုင်စွဲကြဖို့နဲ့ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြဖို့ကတော့ နွေဦးတော်လှန်ရေးနဲ့အတူ ကျောင်းသားထုတွေက တိုက်တွန်းနှိုးဆော်ထားပါပြီ။
 
နွေဦးတော်လှန်ရေးမှာလည်း စစ်သုံးစစ်ရဲ့ မျိုးဆက်ဖြစ်တဲ့ စစ်အုပ်စု၊ စစ်ကောင်စီနဲ့ စစ်ဗျူရိုကရေစီ ယန္တရားတွေကို အမြစ်ပြတ်တိုက်ထုတ်ကြရမှာပါ။ ဆဲဗင်းဂျူလိုင်အရေးအခင်းကို သင်ခန်းစာယူမှသာ မြန်မာ့နွေဦးတော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးဟာ အောင်မြင်နိုင်မယ်လို့ ဆိုချင်ပါတော့တယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10