ဟန်လင်းရှိ စစ်ကောင်စီစခန်း စီးနင်းခံရပြီး ၅ ဦးသေ ၃ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းရွာမှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဇူလိုင်လ ၁၇ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး  စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ မန္တလေးခရိုင် တပ်ရင်း ၃ က ဇူလိုင် ၁၉ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ပျူနဲ့ စစ်သားအင်အား ၃၀ လောက်ရှိတဲ့ စခန်းကို စစ်ကြောင်း ၃ ကြောင်းခွဲကာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချန် တနာရီကျော် ကြာခဲ့ကာ တိုက်ပွဲတွင်း အသာစီးရခဲ့ပေမယ့် လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က ကျားထိုးတက်မယ့်အချိန်ကျမှ ငါးကြင်းမြီး(MA 15)က ဆက်တိုက် ကောင်တာပြန်တယ်။ ၆၀ မမက အစကတော့ အလုံး ၃၀ လောက် ကောင်တာပြန်တယ်။ နောက်ပိုင်းမပြန်တော့ဘူး။ သူတို့ဘက်က စခန်းထဲမှာလည်း တော်တော်များများ ကျသွားနိုင်တယ်။ သူတို့ဘက်က ငါးကြင်းမြီး တလက်ပဲ ကောင်တာပြန်နိုင်တယ်။”လို့ မန္တလေးခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ဦးသေဆုံးကာ ၂၀ ဝန်းကျင် ဒဏ်ရာရခဲ့ပြီး အရှင်ဖမ်းဆီးရမိတဲ့ ပျူစောထီး ၃ ဦးကိုလည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဟန်လင်း ပျူမြို့ဟောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလကတည်းက စစ်ကောင်စီတပ်တွေ အထိုင်ချထားတာဖြစ်ပြီး အဆိုပါ စစ်တပ်စခန်းဟာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ၃ ကြိမ်မြောက်တိုက်ခိုက်ခံရတာလို့လည်း သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မန္တလေးခရိုင်တပ်ရင်း-၃ တပ်ခွဲ -၂၊ တပ်ခွဲ -၃၊ Generation Z Power၊ မန္တလေးခရိုင် ပ.က.ဖ၊ မန္တလေး ခရိုင်တပ်ရင်း ၄၊ တပ်ရင်း ၅၊ ပုသိမ်ကြီး ပ.က.ဖ၊ CDSOM၊ L-PDF၊ One-PDF၊ Wolf-Brother၊ စည်တော်ကြီး၊ ဘူးသီးညီနောင်၊ YLK-PDF၊ သိန်းငှက်အထူးပျောက်ကျားတပ်ဖွဲ့၊ ဒုံးပျံ၊ ပိုင်ကြီး/MDF၊ ဟန်လင်းတိုက်နယ်ပကဖ၊ BIAနဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ဟန်လင်းပျူမြို့ #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #စစ်သား #ပျူစောထီး #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10