ဟိုက်ဂျက်ကားပေါ်က စစ်သား ၄ ဦး အနီးကပ်တိုက်ခိုက်ခံရလို့ အားလုံးသေဆုံးပြီး သေနတ် ၄ လက်ပါ PDF သိမ်းဆည်း (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စက်မှုဇုန်ဂိတ်ကနေ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ဟိုက်ဂျက်ကားကို ဒီဇင်ဘာ ၃၀ ရက်ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။

စုစုပေါင်းစစ်သား ၄ ဦးစီးနင်းလိုက်ပါလာတဲ့ အဆိုပါကားကို ပခုက္ကူမြို့တွင်းတနေရာမှာ အနီးကပ်ပစ်ခတ်ပြီးနောက် လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။  

“ပစ်ခတ်တိုက်ခိုက်အချိန်က အကြာကြီးမဟုတ်ဘူး။ မြို့တွင်းလည်းဖြစ်တဲ့အတွက် ၅ မိနစ်ကြာတယ်။ ကားကတော့ အရပ်ကားပဲပြောပါတော့။ ပွိုင့်ကားမဟုတ်ဘဲနဲ့ ဟိုက်ဂျက်အမျိုးအစားကားပါ။ ကားပေါ် မှာတော့ ဒရိုင်ဘာအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးနဲ့ သေနတ် ၄ လက်ပါ။ ထိခိုက်သေဆုံးမှုက ၄ ဦးလုံးပါတာ ၄ ဦးလုံးသေတယ်။” လို့ Young Force - UG တာဝန်ခံ ကိုဝိုင်ပီက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် MA 3 ၄ လက်၊ ကျည်ဘောက် ၈ ခု၊ ၅.၅၆ ကျည် ၁၆၈ တောင့်၊ ဖုန်း ၁ လုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းခဲ့ပြီး ကားနဲ့အလောင်းတွေကိုတော့ ဖြစ်စဥ်ဖြစ်တဲ့နေရာမှာပဲထားခဲ့တယ်လို့ တာဝန်ခံ ကိုဝိုင်ပီက ပြောပါတယ်။

ဟိုက်ဂျက်ကားပေါ်မှာ ပါလာတဲ့ စစ်‌သား ၄ ဦးဟာ ပခုက္ကူ တပ်မ ၁၀၁ ကလို့ သိရပြီး ဒီတိုက်ခိုက်မှုကို Young Force - UG၊ Pakokku People Defense Force နဲ့ Pakokku Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #စစ်ကား #စစ်သား #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10