ဟုမ္မလင်းက စစ်တပ် တပ်စွဲထားတဲ့ ၃ နေရာ တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး PDF ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စခန်းနဲ့ လွှစင်ကုန်းကျေးရွာက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့စစ်အုပ်စုကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ Homalin People's Defense Force - HPDF 124 အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီ အင်အား ၈၀ ဝန်းကျင်နဲ့ တပ်စွဲနေတဲ့ လွှစင်ကုန်းရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နောင်ပိုအောင်စခန်းတို့ကို ကာကွယ်ရေးအဖွဲ့တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ၃ နေရာခွဲကာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Homalin People's Defense Force -HPDF 124 တာဝန်ခံ ကိုချာလီက ပြောပါတယ်။

နောင်ပိုအောင် စခန်းအနီးမှာ စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီလောက်က ထိတွေ့မှုအနည်းငယ်စဖြစ်ခဲ့သလို စက်တင်ဘာ ၂၂ ရက်မှာတော့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းက SNA နဲ့ ဟုမ္မလင်း၂၂၂ တပ်က စစ်သားတွေကို မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ၈ နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ HPDF 124 တာဝန်ခံက ပြောပါတယ်။

"ရန်သူ့ဘက်က အနည်းဆုံး ၃ ဦးသေတယ်။ ဒီထက်လည်းများနိုင်တယ်။ ကျနော်တို့ HPDF 124 တပ်ရင်းက ရဲဘော်တဦးကျဆုံးပြီး ရဲဘော်တဦး ထိခိုက်ဒဏ်ရာရတယ်။ ခရိုင်တပ်ရင်းဘက်ကလည်း ရဲဘော်တဦး ထိခိုက်ဒဏ်ရာရတယ်။" လို့ ကိုချာလီက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကာကွယ်ရေးအဖွဲ့တွေက ဘုန်းကြီးကျောင်းကုန်းပေါ်က စစ်အုပ်စုရဲ့ ဘန်ကာတွေနဲ့ စာသင်ကျောင်းကိုပါ သိမ်းနိုင်တဲ့အချိန်မှာ စစ်ကောင်စီဘက်က စစ်ကူအင်အားများလာတာကြောင့် လက်နက်တွေသိမ်းဆည်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့  ခန္တီးခရိုင်တပ်ရင်း ၁၊ Homalin People's Defense Force -HPDF 124 နှင့် မိုးကြိုး မဟာမိတ် တပ်ဖွဲ့  ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဟုမ္မလင်း #ဘုန်းကြီးကျောင်း #စာသင်ကျောင်း #တပ်စွဲ #ဟုမ္မလင်း၁၁၁ #တိုက်ခိုက်ခံရ #စစ်သား #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10