ဟုမ္မလင်းတိုက်ပွဲမှာ စစ်ကောင်စီအထိနာပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ဟုမ္မလင်းတိုက်ပွဲမှာ စစ်ကောင်စီအထိနာပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ် အစပ်မှာ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ကတည်းက ပျူစောထီး၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး ဒီကနေ့မနက်မှာတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရဲ့ နှစ်ဖက်မှာရှိနေတဲ့ စစ်ကောင်စီကင်းစခန်းငယ်တွေကို တိုက်ခိုက်နေတာဖြစ်ပြီး မြစ်ရဲ့ညာဘက်ခြမ်းမှာတော့ ဧပြီလ ၂၈ ရက် မနေ့က နေ့လည် ၃ နာရီခွဲမှာ တိုက်ပွဲတကြိမ်၊ ၄ နာရီခွဲမှာ တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်မှာလည်း မြစ်ရဲ့ဘယ်ဘက်မှာရှိတဲ့ ပြည်သူ့စစ်ယာယီကင်းစခန်းတွေကို နောက်ထပ်စစ်ကြောင်းတခုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၈ နာရီခွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

“ယာယီပွိုင့်ကုန်းထိုးတဲ့နေရာတွေကို တပြိုင်ထဲတိုက်တာဗျ၊ သူတို့ဘက်က ၂ ယောက်ကျပြီးတော့ အလောင်းပြန်ကောက်တဲ့အချိန်မှာ နောက်တကြိမ် ထပ်ဖြစ်တယ်။ ကျတော်တို့သိထားတာ ၇ ယောက် ကျတယ်။ ၁ ယောက်ကတော့ အလောင်းလာမကောက်သေးဘူး။ မြစ်ဘယ်ဘက်ခြမ်းက တိုက်ပွဲအခြေနေကတော့ သေချာမသိရသေးဘူး။ လောလောဆယ်ဆယ်တော့ စစ်ဆိုင်ထားတုန်းပဲ။" လို့ Homalin People's Defence force-HPDF ရဲဘော်တဦး က ပြောပါတယ်။

တိုက်ပွဲအတွင်း ပျူစောထီးနဲ့ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးသေဆုံးကာ၊ M 79 တလက်၊ 79 အဆံ ၃လုံး၊ ခါးချိုး ၅ လက် သိမ်းဆည်းထားနိုင်တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပေမယ့် သေဆုံးစာရင်းကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ ရွှေပြည်အေးမြို့နဲ့ တုံဟဲရွာဘက်မှာ စစ်ကောင်စီဘက်က အင်အားစုနေပြီး စစ်ကြောင်းပြန်ထိုးဖို့ ပြင်ဆင်နေတဲ့အတွက် ဒီကနေ့အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကို နယ်မြေခံကာကွယ်‌ရေးတပ်ပေါင်းစုအဖွဲ့တွေက ဖော်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်‌ပိုင်းလောက်ကလည်း PDF ပူးပေါင်းတပ်ဖွဲ့တွေ တပ်ထိုင်ထားတဲ့ နတ်နန်းကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - HPDFတပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်နေစဉ် (ပုံဟောင်း)

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10