ဟုမ္မလင်းမြို့အရှေ့တောင်ဘက်မှာ ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ဟုမ္မလင်းမြို့အရှေ့တောင်ဘက်မှာ ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား (Fact Check)

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဟုမ္မလင်းမြို့အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ ဥရုချောင်းနံဘေးရှိ အမည်မသိရွာငယ်အလယ် မြေအောက်အနက် ၇၆ မိုင်ခန့်မှာ ငလျင်ငယ်လှုပ်ရှားသွားခဲ့တယ်လို့ သတင်းအမှား ပျံ့နှံ့ခဲ့ပါတယ်။

" ယနေ့ စက်တင်ဘာလ ၁၅ ရက် ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာစံတော်ချိန်ညနေခင်း ၂:၂၅ နာရီအချိန်က မြန်မာနိုင်ငံပြည်တွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ ဟုမ္မလင်းမြို့မှအရှေ့တောင်ဘက်ပိုင်း ၇ မိုင်ခန့်အကွာ ဥရုချောင်းနံဘေး အမည်မသိရွာငယ်အလယ် မြေအောက်ဒေသအနက် ၇၆ မိုင်ခန့်မှ မဂ္ဂနီ ကျု ၃.၆ အဆင့်ငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း တိုင်းထွာရရှိပါသည်။" ဆိုကာ သတင်းမှား ပျံ့နှံ့ နေတာဖြစ်ပါတယ်။

အဲ့ဒီဖော်ပြမှုကို Like ၂၃၀,၀၀၀ ကျော်၊ Follower ၃၀၅,၀၀၀ ကျော်ရှိ "မြေငလျင်သတင်းများစင်တာ" ဆိုတဲ့ Facebook လူမှုကွန်ယက်စာမျက်နှာက ဟုမ္မလင်းမြို့အရှေ့တောင်ဘက် ဥရုချောင်းအနီးနေရာတခုကို Google Map ကနေ Screen record ရိုက်ယူပြီး နောက်ခံတီးလုံးသံထည့်သွင်းဖော်ပြထားတဲ့ ၂ မိနစ်စာ ရုပ်သံနဲ့အတူ အထက်ပါအတိုင်းရေးသားကာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၃ နာရီ ၃၀ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ကာ စက်တင်ဘာ ၁၇ ရက် ဒီကနေ့ ညနေပိုင်းအထိ Views ၅,၁၀၀ ကျော်၊ Reaction ၃၄၀ ခု၊ မှတ်ချက်ပေးသူ ၆ ဦးအပြင် ပြန်လည်မျှဝေသူ ၆၄ ဦး ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းမှားဖော်ပြမှု ကြည့်ရှုရန် - https://archive.ph/YjZ3r

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

သတင်းမှားဖော်ပြထားတဲ့ ရုပ်သံမှာလည်း အချက်အလက်ဖော်ပြမှု မပါဝင်ဘဲ "မိဘပြည်သူများ နားဆင်ပါရှင်" လို့သာ ပြောဆိုထားပြီး  Google Map ကို Screen record ယူ ဖော်ပြထားတဲ့ ရုပ်သံတခုသာဖြစ်ပါတယ်။

မြေငလျင်သတင်းနဲ့ပတ်သက်ပြီး ငလျင်လှုပ်ခတ်မှု၊ မြစ်ရေကြီးမှုနဲ့ နေ့စဉ်မိုးလေဝသခန့်မှန်းချက်တွေ တင်ပြနေတဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန Website ကို ဝင်ရောက်ရှာဖွေရာမှာ ၂၀၂၄ စက်တင်ဘာ ၁၅ ရက်နေ့က မြေငလျင်လှုပ်ခတ်မှုသတင်း ဖော်ပြထားတာမရှိသလို လွတ်လပ်တဲ့သတင်းဌာနတွေမှာလည်း မြေငလျင်လှုပ်ခတ်တာနဲ့ ပတ်သက်လို့ သတင်းဖော်ပြထားတာမျိုး မရှိပါဘူး။

ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ မြေငလျင်အချက်အလက်တွေကို ဖော်ပြပေးနေတဲ့ ဥရောပ-မြေထဲပင်လယ်ဒေသ မြေငလျင်စင်တာ (EMSC) ရဲ့ ဖော်ပြချက်မှာလည်း ၂၀၂၄ စက်တင်ဘာ ၁၅ ရက် မြန်မာနိုင်ငံအတွင်း မြေငလျင်လှုပ်ခတ်မှုအကြောင်း ဖော်ပြထားတာ မရှိပါဘူး။ 

ဥရောပ-မြေထဲပင်လယ်ဒေသ မြေငလျင်စင်တာအဖွဲ့ဟာ  အစိုးရမဟုတ်သော အကျိုးအမြတ်မရှာတဲ့ (Non-Profit) အဖွဲ့အစည်းဖြစ်ပြီး မြေငလျင်ဆိုင်ရာသတင်းအချက်အလက် စုဆောင်းဖြန့်ဝေတာနဲ့ မြေငလျင်ဆိုင်ရာ သုတေသနတွေ အစဉ်တစိုက်လုပ်ဆောင်လျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းတို့ Website မှာ ဖော်ပြပါရှိပါတယ်။

ဥရောပ-မြေထဲပင်လယ်ဒေသ မြေငလျင်စင်တာရဲ့ဖော်ပြချက်ကို အောက်ပါလင့်ခ်ရဲ့ Region Name နေရာမှာ “Myanmar” လို့ ရိုက်နှိပ်ပြီး ရှာဖွေကြည့် ရှုနိုင်ပါတယ်။

ဥရောပ-မြေထဲပင်လယ်ဒေသ မြေငလျင်စင်တာမှ ဖော်ပြချက် - ကြည့်ရှုရန်

ဒါကြောင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ ဥရုချောင်းနံဘေးရှိ အမည်မသိရွာငယ်အလယ် မြေအောက်ဒေသအနက် ၇၆ မိုင်ခန့်မှာ ငလျင်ငယ် လှုပ်ရှားသွားခဲ့ကြောင်း ဖော်ပြချက်မှာ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

 

သတင်းအမှားဖြန့်ဝေသူအား စိစစ်ချက်

သတင်းအမှားဖြန့်ဝေနေတဲ့ "မြေငလျင်သတင်းများစင်တာ" Facebook တွင် "မြေငလျင်ဆိုင်ရာ သတိ ပေးဟောကိန်းများ။ သဘာဝတရားထက်ခြေတစ်လှမ်းသာအောင်‌ လုပ်ဆောင်ရမည်။"ဟု ၎င်းတို့ အကြောင်းကို မိတ်ဆက်ဖော်ပြထားပြီး Facebook လူမှုကွန်ယက်စာမျက်နှာအပြင် Youtube Channel တခုကိုပါ ထည့်သွင်းဖော်ပြထားတာ တွေ့ရှိရပါတယ်။

မြေငလျင်သတင်းများစင်တာ Facebook - https://archive.ph/V2Fie

မြေငလျင်သတင်းများစင်တာ Youtube - https://archive.ph/ZaEkj

မြေငလျင်သတင်းများစင်တာ Facebook စာမျက်နှာကို စိစစ်ကြည့်ရှုရာ ယခု စက်တင်ဘာလအတွင်း မြေငလျင်သတင်း ၁၆ ပုဒ် တင်ဆက်ထားတာကိုတွေ့ရှိခဲ့ရပြီး မြေငလျင်သတင်းတွေကို စေတနာဖြင့်သာ ဖော်ပြနေခြင်းဖြစ်ကြောင်း ရေးသားချက် ၁ ခု တင်ဆက်ထားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီ လူမှုကွန်ယက်စာမျက်နှာနဲ့ပတ်သက်ပြီး သံလွင်ခက်သတင်းဌာနက သတင်းအမှားစိစစ်ချက်တခု ပြုလုပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

ရေဘေးကြုံနေရတဲ့အချိန် ငလျင်လှုပ်မယ်ဆိုတဲ့ သတင်းမှား ပျံ့နှံ့နေကြောင်း သံလွင်ခက် သတင်းဌာနမှ သတင်းစိစစ်ဖော်ပြချက် - သတင်းကြည့်ရန်

မြေငလျင်သတင်းများစင်တာ Facebook လူမှုကွန်ယက်စာမျက်နှာဟာ မြေငလျင်နဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေတာကိုတွေ့ရှိခဲ့ရပြီး Like နဲ့ Share အများအပြားနဲ့ ပျံ့နှံ့မှုအားကောင်းတာကိုလည်း တွေ့ရှိရပါတယ်။ ယခုလို ရေကြီး၊ရေလျှံမှု သဘာဝဘေး အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်သူလူထုစိုးရိမ်မှုပိုမိုမြင့်တက်လာစေမယ့် ဒီလို သတင်းတု သတင်းမှား ဖော်ပြမှုတွေ အချိန်ကိုက်ဖော်ပြနေတာဖြစ်ပြီး အထူး ဂရုပြုသင့်ပါတယ်။

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနတွေက သတိပေးထုတ်ပြန်ချက်တွေအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းဖော်ပြသတိပေးချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းအမှား #ငလျင် #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10