သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မုံရွာ ပလဖစခန်းမှာ ကျင်းပတဲ့မွေးနေ့ပွဲတခုကို မခင်လေး* တယောက် သွားရောက်ခဲ့ပါတယ်။ သူဟာ အာဏာရှင်တော်လှန်ရေး သပိတ်တက်ကြွလှုပ်ရှားသူတဦးပါ။
အဲဒီနေ့က အဖွဲ့အစည်းအစုံက လူငယ်တွေ နေ့လယ်ပိုင်း သောက်ကြစားကြရင်းနဲ့ ညနေပိုင်းရောက်လာတော့ ပြန်တဲ့သူကပြန်၊ စခန်းမှာ နားတဲ့သူကနား လုပ်နေကြချိန် မခင်လေးတယောက်လည်း ပလဖစခန်းနားက ကွမ်းခြံထဲက တဲတခုမှာ မွေးနေ့ရှင်အမျိုးသမီး မိန်းကလေးတယောက်နဲ့အတူ နားနေခဲ့ပါတယ်။
အဲဒီနေ့က သူတို့ဟာ အဖျော်ယမကာသောက်ထားကြပေမယ့် သတိလွတ်တဲ့အထိ မူးနေကြတာတော့ မဟုတ်ဘူးလို့ အသက် ၂၃ နှစ်အရွယ် မခင်လေးက ဆိုပါတယ်။
အတူရှိနေတဲ့အဖော်မိန်းကလေးက သူမရဲ့ ချစ်သူပြန်လာလို့ ခဏထွက်သွားတဲ့အချိန် တယောက်တည်းကျန်ခဲ့တဲ့ မခင်လေးရှိရာ ကွမ်းခြံတဲထဲကို ပလဖအဖွဲ့ဝင် ရဲဘော်တဦးရောက်လာပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားပါတော့တယ်။
“အဲ့ချိန်မှာ သတိလည်းလွတ်မနေဘူး။ အရမ်းကြီးလည်း မူးနေတာ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ သူညီမကို အဲ့လိုမျိုးလုပ်တဲ့ချိန်မှာ ညီမက မလုပ်ပါနဲ့ တောင်းပန်ပါတယ်။ အဲ့လိုစကားမျိုးတွေ ပြောခဲ့တယ်။ ဒါပေမဲ့ သူက မရဘူး၊ အတင်းဆက်ပြီး အဓမ္မပြုကျင့်တယ်။” လို့ ၂၀၂၂ ဩဂုတ် ၈ ရက်က အမှတ်မထင်ဘဲ ကြုံခဲ့ရတဲ့အဖြစ်ဆိုးတခုကို မခင်လေးက ပြန်ပြောပြပါတယ်။
အဲဒီလိုကြုံတွေ့ခဲ့ရပြီးနောက် မခင်လေးတယောက် သူ့ရဲ့မိတ်ဆွေတွေကိုခေါ်ပြီး ညတွင်းချင်းပဲ ပလဖစခန်းကပြန်ခဲ့ကာ သပိတ်လှုပ်ရှားမှုမှာ အတူပါဝင်နေသူတွေ၊ ရင်းနှီးတဲ့မိတ်ဆွေ အမျိုးသမီးတွေကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီး သူ့ကို အဓမ္မပြုကျင့်သူကို အရေးယူနိုင်ရေး စတင်ဆောင်ရွက်ခဲ့ပါတယ်။
ဖြစ်စဥ်ဖြစ်ပြီး နောက်တနေ့မှာတော့ မုံရွာမြို့နယ် ပလဖတာဝန်ရှိသူနဲ့တွေ့ဆုံကာ အမှုဖြစ်စဥ်ကို နှုတ်နဲ့ တိုင်ကြားခဲ့သလို အဲ့နေ့မှာပဲ မခင်လေးနဲ့အတူ သပိတ်တက်ကြွလှုပ်ရှားသူတချို့ လိုက်ပါကာ ကျူးလွန်သူနဲ့ ထိပ်တိုက်တွေ့မေးမြန်းချိန်မှာလည်း “မူးနေလို့ စိတ်မထိန်းနိုင်လို့” ကျူးလွန်မိကြောင်း နှုတ်နဲ့ ဝန်ခံခဲ့တယ်လို့ မခင်လေးက ပြောပါတယ်။
“တကယ်တန်းတော့ ဝန်ခံပြီးတော့ တိုင်စာဘာညာပို့ပြီး ဖိအားပေးတော့ NUG ရဲ့ အချုပ်ထောင်ကိုတော့ ပို့ထားတာပေါ့။ ဒါပေမဲ့ တပတ်လောက်ကြာတော့ကျ မုံရွာ ပလဖဘက်ကနေ စွပ်စွဲခံထားရတဲ့ဟာကို လာခေါ်သွားတာပေါ့။ ဖြစ်စဥ် စဖြစ်ဖြစ်ချင်းကတော့ ပလဖတာဝန်ခံရော စွပ်စွဲခံတဲ့သူရော ဝန်ခံတာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့မှာ အသိ လူသက်သေတွေပဲ ရှိတာပေါ့နော်။ ဒါပေမဲ့ ဒီဖြစ်စဥ်ကတော့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါနေတဲ့သူတွေ အကုန်နီးပါးတော့သိကြတယ်။” လို့ ကျူးလွန်သူက နှုတ်နဲ့ဝန်ခံချိန် အဲဒီအနားမှာရှိနေခဲ့သူတဦးက ပြောပါတယ်။
အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေတချို့မှာ မခင်လေးလို အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်စော်ကားခံနေရတဲ့အမျိုးသမီးတွေဟာ အကာအကွယ်ပေးမှုတွေမရရှိဘဲ လစ်လျူရှုခံနေကြရတယ်လို့ ကျူးလွန်ခံရသူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
မခင်လေးဟာ အမှုဖြစ်စဥ်ကို ၂၀၂၂ စက်တင်ဘာမှာ မုံရွာမြို့နယ် ပအဖ၊ ပကဖ၊ ပလဖနဲ့ တရားစီရင်ရေးအဖွဲ့ကို လိပ်မူပြီး ပထမအကြိမ်၊ ၂၀၂၃ ဩဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကို လိပ်မူပြီး ဒုတိယအကြိမ်၊ ၂၀၂၄ မေလမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို ထပ်မံလိပ်မူပြီး တတိယအကြိမ် တိုင်ကြားစာပို့ခဲ့ပေမယ့် ဒီကနေ့ထိ ကျူးလွန်သူကို အရေးယူမှု မလုပ်နိုင်သေးပါဘူး။
“ပထမ သတင်းပေးတိုင်ကြားချက်အရ ဘယ်လိုနေနေ နှုတ်နဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ်ပေါ့။ အဲ့ ၂ မျိုးလုံးနဲ့လည်း တိုင်ထားတာပေါ့။ တိုင်ပြီးတော့ သူတို့က အမှုမှန်ပေါ်ပေါက်ပြီး ကျန်တဲ့ ပကဖတို့ ဘာတို့ကလည်း အဲ့တရားခံကို ထောင်ထိခေါ်ပြီးသွားပြီပေါ့နော်။ အဲ့ဒါဆိုတော့ အမှုက အဆင်ပြေတယ်မှတ်ပြီးတော့ ကျနော်တို့က ဒီတိုင်းပဲ ငြိမ်နေတဲ့အချိန်မှာ တနှစ်လောက်ကြာတဲ့အခါကျတော့ ဒီအမှုက သူတို့ဆီမှာ တိုင်ထားတာ မရှိပါဘူး ဘာညာပေါ့နော်၊ အဲ့ဒါမျိုးတွေ ပြန်ဖြစ်သွားတယ်။” လို့ အမှုဖြစ်စဉ်ကိုသိတဲ့ မုံရွာမြို့လူထုသပိတ်လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတဲ့ အမျိုးသားတဦးက ပြောပါတယ်။
ဒီအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ်ပလဖတာဝန်ခံကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အခုအမှုကို တခြားမြို့နယ်က ကိုင်တွယ်ဆောင်ရွက်ပေးနေပြီး ကျူးလွန်ကြောင်း စွပ်စွဲခံရသူကလည်း အစစ်ဆေးခံကာ တရားရင်ဆိုင်နေတယ်လို့ ပြန်ဖြေပါတယ်။
အခု နိုဝင်ဘာလထဲမှာ မခင်လေးရဲ့အမှုကို စစ်ဆေးနေတဲ့ အဖွဲ့အစည်းကို မြေလတ်အသံက ဆက်သွယ်ခဲ့ပေမယ့် အမှုကိုစစ်ဆေးနေဆဲဖြစ်ပြီး အမှုအသွားအလာကို သတင်းမထုတ်ပြန်သေးတဲ့အပြင် စစ်ဆေးမှုလုပ်နေတဲ့အဖွဲ့အစည်းနဲ့ မြို့နယ် နာမည်ကိုပါ ရေးသားဖော်ပြခြင်းမပြုဖို့ တောင်းဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲက နောက်ထပ် အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီး တရားခံမပေါ်သေးတဲ့ အမှုတခုလည်းရှိပါသေးတယ်။ ကနီမြို့နယ် ချောင်းမရွာက အသက် ၃၃ နှစ်အရွယ် မနှင်းဆီ*ဟာ အခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ အမျိုးသမီးအင်္ဂါပျက်စီးဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူဟာ အိမ်ထောင်ဘက်မရှိတဲ့ ကလေးမိခင် (Single Mother)တဦးဖြစ်ပါတယ်။
အဲ့ဒီနေ့ မနက်ခင်းက မနှင်းဆီတယောက် ပုံမှန်အတိုင်း တောထဲကို တောင်ယာလုပ်ဖို့ ထွက်သွားခဲ့ပြီး နေ့လယ်စာ စားချိန် အိမ်ကို ပြန်မလာလို့ မိသားစုက လိုက်ရှာခဲ့ရာ ညနေစောင်းတဲ့ထိ မတွေ့တာကြောင့် ရပ်ရွာလူကြီးတွေကို အကြောင်းကြားပြီး အင်အားသုံးလိုက်ရှာခဲ့ကြပါတယ်။
နောက်တနေ့ မနက်လင်းပိုင်းမှာတော့ နေအိမ်နဲ့တမိုင်ခန့်ဝေးတဲ့ ချောင်းမရွာနဲ့ အောင်မင်္ဂလာရွာအစပ်က တောထဲမှာ ခန္ဓာကိုယ် အညိုမဲစွဲဒဏ်ရာ၊ အမျိုးသမီးအင်္ဂါ ပျက်စီးဒဏ်ရာတွေနဲ့ အလောင်းကို ပြန်တွေ့ခဲ့ရပါတယ်။
သေဆုံးသူအသုံးပြုတဲ့ တယ်လီဖုန်းကို စစ်ဆေးကြည့်ရာ ပေးပို့ထားတဲ့ မက်ဆေ့တွေအရ မနှင်းဆီမှာ ကိုယ်ဝန် ၃ လ ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ပြီးတော့ တရားခံလို့သံသယရှိသူဟာလည်း အသက် ၄၀ ကျော်အရွယ် ချောင်းမကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခန့်ထားပေးသူမဟုတ်ဘဲ ရပ်ရွာကခန့်အပ်ထားသူဖြစ်တယ်လို့ ကနီမြို့နယ် ပလဖတာဝန်ခံက ဆိုပါတယ်။
“မြို့နယ်ကတော့ ဖွဲ့စည်းပေးထားခြင်း မရှိပါဘူး၊ သူတို့ရပ်ရွာတင် ဖွဲ့စည်းထားတဲ့ ရပ်ကျေး ပအဖ တာဝန်ခံ၊ သူတို့ဆီကတော့ အုပ်ကြီးလို့ ခေါ်တာပေါ့။” လို့ သူက ပြောပါတယ်။
မနှင်းဆီသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ယူဆချက်ကတော့ အဓမ္မကျူးလွန်ပြီးမှ လူသတ်တာဖြစ်နိုင်သလို ကိုယ်ဝန်ပျက်ကျစေရန်ရည်ရွယ်ပြီး အမျိုးသမီးအင်္ဂါကို ထိုးသွင်းထားတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
“အရင်က လွန်ကျူးခဲ့ပြီး တာဝန်မယူနိုင်လို့ လုပ်တာလား။ Rape case (မုဒိမ်းအမှု) လားပေါ့။ အဲ့လို ပြောဖို့ ခက်နေတာ။ ကြားသလောက်ကလည်း ကိုယ်ဝန်ကို ဖျက်တဲ့သဘောလို့ ကြားရတယ်။ ဗိုက်တွေမှာ ညိုမဲ စွဲနေတာ ရှိတယ်။” လို့ ကနီမြို့နယ် တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ကနီမြို့နယ် ပလဖတာဝန်ခံကတော့ အဓမ္မကျူးလွန်တာ မဟုတ်ဘဲ အမျိုးသမီးအင်္ဂါကို မာကျောတဲ့ အရာတွေနဲ့ ထိုးသွင်းထားတာလို့ ယူဆလို့ရကြောင်း ပြောပါတယ်။
လူသတ်မှု သံသယရှိသူ ချောင်းမရွာရပ်ကျေး ပအဖ တာဝန်ခံက အလောင်းကို နေ့ချင်းမီးသင်္ဂြိုဟ်ဖို့ အမိန့်ပေး လုပ်ဆောင်လိုက်တာကြောင့် လူသတ်မှုဖြစ်စဥ်အတွက် မြို့နယ်အဖွဲ့အစည်းတွေ သွားရောက်ချိန်မှာ အလောင်းမတွေ့ရတော့ဘဲ ဒေသခံကျန်းမာရေးဝန်ထမ်းတွေရဲ့ ကနဦးစစ်ဆေးထားတဲ့ ဆေးစစ်ချက်တွေ၊ ရိုက်ယူထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ပဲ အမှုကို ဆက်လက်ဆောင်ရွက်နေရပါတယ်။
လက်ရှိမှာ လူသတ်မှု သံသယရှိသူဟာ ထွက်ပြေးလွတ်မြောက်သွားပြီး ဖမ်းဆီးရရှိရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ကနီမြို့နယ် ပလဖ တာဝန်ခံက ဆိုပါတယ်။
အမျိုးသမီးတွေအပေါ် အထက်ပါအတိုင်းကျူးလွန်နေမှုတွေ၊ လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားနေမှုတွေကို မြေလတ်အသံ သတင်းဌာနက စုံစမ်းသိရှိထားတဲ့ဖြစ်စဉ်တွေရှိပေမယ့် အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းတဲ့အခါမှာတော့ နစ်နာသူအမျိုးသမီးတွေဟာ သူတို့ရဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ထုတ်ဖော်ပြောဆိုရဲတာမျိုး မရှိကြပါဘူး။
အလားတူ အညာဒေသမှာ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားဖို့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးအဖွဲ့တွေကိုယ်တိုင်ကပါ အထက်ပါ ဖိနှိပ်စော်ကားနေမှုတွေကို ထုတ်ဖော်ပြောဆိုကြဖို့ ဝန်လေးနေကြတာကို တွေ့ရပါတယ်။
အညာဒေသမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်စော်ကားခံနေရမှုတွေနဲ့ပတ်သက်လို့ မေးမြန်းရန် မြေလတ်အသံသတင်းဌာနက မြန်မာ့အမျိုးသမီးသမဂ္ဂကို ဆက်သွယ်ရာမှာတော့ တပ်ရင်းတပ်ဖွဲ့ဝင်အချင်းချင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားတာတွေရှိပေမယ့် နစ်နာသူတွေက မြေပြင်မှာပဲ ဆက်လက်ရှိနေသေးတဲ့အတွက် ထုတ်ဖော်ပြောကြားလို့ မရဘူးလို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုတွေ၊ စစ်ရှောင်စခန်းကူညီမှုတွေကို လုပ်ဆောင်ပေးနေတဲ့ မချောစုဟန်ဟာ အညာဒေသက အမျိုးသမီးတွေ အနိုင်ကျင့်ဖိနှိပ်စော်ကားခံနေရတာတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။
အခုနှစ် အောက်တိုဘာ ၈ ရက်ကလည်း အညာဒေသက ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်း မြင့်တက်လာတာ၊ ဒီမုဒိမ်းအမှုတွေကို အရေးယူဆောင်ရွက်မှု မရှိတာနဲ့ပတ်သက်လို့ မချောစုဟန်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရုပ်သံထုတ်လွှင့်ခဲ့ပါသေးတယ်။
အဲဒီရုပ်သံဖိုင်ရဲ့အစမှာ သူ့ရဲ့ ဗီဒီယိုကို သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG )ဝန်ကြီးဌာနတွေအထိရောက်အောင် ဝိုင်းဝန်မျှဝေပေးဖို့ကို သူက တိုက်တွန်းထားပါသေးတယ်။
“အခုပြောမယ့်အကြောင်းအရာက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို သက်ငယ်မုဒိမ်းကျူးလွန်နေတဲ့ ကိစ္စရပ်တွေပါ။ ကျနော်တို့အညာမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းဟာ အင်မတန်မှ များလာတယ်ပေါ့နော်၊ ခပ်စိပ်စိပ် တွေ့လာရတယ်။” လို့ သူက ဆိုထားပါတယ်။
ဒီလိုဖြစ်နေပေမယ့်လည်း ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ခြင်းမရှိဘဲ ငွေကြေးနဲ့ ကြေအေးလိုက်တာ၊ မိသားစုကိစ္စဆိုတဲ့ သဘောမျိုးနဲ့ ညှိနှိုင်းလိုက်တာတွေကြောင့် အမှုတွေ ပျောက်ပျက်သွားတာမျိုးတွေ ကြုံနေရတယ်လို့ သူက ပြောထားပါတယ်။
ကျူးလွန်ခံရသူတွေထဲမှာ အသက် ၇ နှစ်ကနေ ၁၁ နှစ်အရွယ်တွေထိ ကျူးလွန်ခံနေရတယ်လို့ သူက ဆိုပါတယ်။
“သက်ငယ်မုဒိမ်းတွေ ဆက်လက်မဖြစ်ပွားအောင် သက်ငယ်မုဒိမ်းကျူးလွန်တဲ့သူတွေကို ဘယ်လိုမျိုးအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မှာတုန်း။ အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်ဘဲနဲ့ကတော့ ကျနော်တို့ အညာဒေသမှာ၊ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ သက်ငယ်မုဒိမ်းမှုတွေဟာ ပပျောက်သွားမှာ မဟုတ်ဘူး။” လို့ မချောစုဟန်က မှတ်ချက်ပြုပါတယ်။
အညာဒေသဟာ စစ်ရေးအခြေအနေတွေကို ကြုံတွေ့လာရတဲ့ကြားကာလဖြစ်တာကြောင့် စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေမှာ သက်ငယ်မုဒိမ်းမှုတွေ ပိုပြီးတော့ဖြစ်ပွားလာနိုင်တာကြောင့် သက်ငယ်မုဒိမ်းကျူးလွန်ထားသူတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ လုပ်ငန်းစဉ်တွေရှိဖို့လိုပြီလို့ သူက အကြံပြုထားပါတယ်။
“ပြင်းထန်တဲ့ပြစ်မှုတွေ၊ ပြင်းထန်တဲ့တရားစီရင်မှုတွေ သေချာကိုင်တွယ်ပေးဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးကို ကျနော်တို့ ဒီနေရာက တိုက်တွန်းနှိုးဆော်ချင်ပါတယ်။” လို့ မချောစုဟန်က အကြံပြုတိုက်တွန်ထားပါတယ်။
မချောစုဟန်ပြောကြားခဲ့တဲ့ အရေးမယူနိုင်သေးသော သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီးသိရဖို့ မြေလတ်အသံ သတင်းဌာနက သူ့ကိုဆက်သွယ်မေးမြန်းရာမှာ အရပ်သားပြည်သူတွေကြားမှာ ခဲအိုက ခယ်မကို ပြုကျင့်တာ၊ ဦးလေးဖြစ်သူက တူမကို ပြုကျင့်တာ၊ အိမ်နီးနားချင်းက ပြုကျင့်တာ စတဲ့ဖြစ်စဥ်တွေရှိနေပြီး ကျူးလွန်သူက နယ်မြေခံ ပလဖတွေနဲ့ ရင်းနှီးလို့ အပြစ်ဒဏ်မခံရတာ၊ နစ်နာသူတွေက မတိုင်ကြားရဲသလို ငွေပေးဖြေရှင်းခံရတာကြောင့် တိုင်ကြားတဲ့အဆင့်ထိ မရောက်လိုက်တဲ့ ကိစ္စတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ပြုကျင့်ခံရတဲ့ အမျိုးသမီးရဲ့ မိသားစုဝင်တွေက အရှက်အကြောက်ကြီးပြီးတော့ မတိုင်ရဲတော့ဘဲနဲ့ ဟိုဘက်ကပေးတဲ့ ငွေကြေးနဲ့ ယူပြီးတော့ ငြိမ်နေလိုက်တော့တာမျိုးပေါ့နော်၊ ဒါမျိုးတွေလည်း ရှိတယ်။ အဲ့မှာ သက်ငယ်မုဒိမ်းတွေက မြေပြင်မှာပဲ ပပျောက်သွားတာမျိုးရှိတယ်။” လို့ မချောစုဟန်က ရှင်းပြပါတယ်။
သက်ငယ်မုဒိမ်း ကျူးလွန်ထားတဲ့သူတွေကို အမှုဖွင့်တိုင်ကြားသင့်သလို အရေးယူကို ယူသင့်တယ်ဆိုတဲ့ အသိကို ပြည်သူတွေကြားမှာ ပညာပေးမှုတွေ လုပ်ဖို့လိုသလို ရပ်ကျေးအဖွဲ့အစည်းတွေ၊ နယ်မြေခံ တရားရေးအဖွဲ့တွေနဲ့ ရဲဘော်တွေကိုလည်း သက်ငယ်မုဒိန်းမှုဟာ ၂ ဖက်ညှိုနှိုင်းပေးသင့်တဲ့ အမှုမဟုတ်ကြောင်း၊ အာမခံပေးသင့်တဲ့ အမှုမဟုတ်ကြောင်း အသိပညာတွေ ပေးဖို့လိုအပ်နေတယ်လို့ သူက ထောက်ပြပါတယ်။
မချောစုဟန်ဟာ အခုလို သက်ငယ်မုဒိမ်းကျူးလွန်သူတွေ အရေးယူမခံရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုတာမျိုးရှိသလို အညာဒေသမှာ အမျိုးသမီးကို လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ချစ်ရေးဆိုတာ၊ အိမ်ထောင်ရှိရဲဘော်တွေက လက်နက်ပြ ချစ်ရေးဆိုပြီး အနိုင်ကျင့်ခြိမ်းခြောက်တာတွေရှိတဲ့အကြောင်းလည်း ထုတ်ဖော်ပြော ဆိုခဲ့ဖူးပါတယ်။
“ရဲဘော်တွေအနေနဲ့က အမျိုးသမီးငယ်တွေကို ရည်းစားစကားပြောဆိုတဲ့နေရာမှာ လက်နက်ကိုင်ပြီးတော့ နင်ငါ့ကို ချစ်မှာလား မချစ်ဘူးလား၊ နင်ငါ့ကို မချစ်ရင် အပိုင်းပိုင်း လုပ်ပစ်လိုက်လို့ရတယ်နော် ဒါမျိုးတွေပေါ့။ နောက်ပြီးတော့ အိမ်ထောင်ရှိလျက်နဲ့ နောက်ထပ် အမျိုးသမီးတွေ အပေါ်မှာ ထပ်ပြီးတော့ ကျူးလွန်တာမျိုးပေါ့။ အဲ့ဒါက ဘာတုန်းဆိုတော့ အမျိုးသမီးတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီးတော့ ရည်းစားစကား ပြောဆိုမှုတွေ၊ ဒါမျိုးတွေလည်း ကျနော်တို့ မြေပြင်မှာ ကြားနေရတယ်။ တချို့ အမျိုးသမီးငယ်တွေ တိုင်တန်းလာတာမျိုးတွေရှိတယ်။” လို့ မြေလတ်အသံနဲ့ အင်တာဗျုးမှာ မချောစုဟန်က ပြောပြပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ဝက်လက်မြို့နယ်ထဲမှာ သမီးရည်းစားပြဿနာဖြစ်ရာက မိန်းကလေး ၁ ဦးကို တော်လှန်ရေး ရဲဘော် ၁ ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။
မချစ်ကြောင်း ငြင်းဆိုခံရလို့ဆိုကာ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာက အသက် ၂၂ နှစ်အရွယ် မယုမွန်ထက်ကို ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ တပ်စိတ်မှူး ရဲဘော်ပြည့်ထွန်းနိုင် (ခ)လင်းစေ က မိသားစုရှေ့မှာတင် သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။
အဲဒီအမှုဖြစ်ပြီး ၉ လအကြာ အောက်တိုဘာ ၁၁ ရက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြစ်မှုကျူးလွန်သူ တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေကို ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ် အရေးယူခဲ့ပါတယ်။
အင်းတော်မြို့နယ်မှာဆိုရင်လည်း အင်းတော်အခြေစိုက်တပ်ရင်းတခုမှာ နှစ်ဦးနှစ်ဖက် လွန်ကျူးပြီးနောက် ကိုယ်ဝန်ရသွားချိန် တာဝန်ယူမှုမရှိဘဲ နစ်နာသူ အမျိုးသမီးတွေကို ငွေပေးပြီး အတင်းအဓမ္မ ကြေအေးခိုင်းတဲ့ ဖြစ်စဥ်တွေလည်း ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းကာလက အင်းတော်အခြေစိုက် တော်လှန်ရေးတပ်ရင်းတခုမှာ ယာယီတာဝန်ကျခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဒူဝါအဆင့်ရှိ ရဲဘော် ၁ ဦးက အင်းတော်မြို့နယ်၊ ** မှာရှိတဲ့ အသက် ၁၈ ဝန်းကျင် အမျိုးသမီးငယ် ၁ ဦးနဲ့ ရည်ငံပြီးနောက် ကိုယ်ဝန်ရလာချိန်မှာတော့ သိန်း ၁၀၀ ပေးကာ နစ်နာသူအမျိုးသမီးကို ရွာကထွက်သွားခိုင်းတဲ့ ဖြစ်စဥ်ပါ။
“(နစ်နာသူ မိသားစုက) လက်ခံတယ်ဆိုတာထက် လက်မခံလို့လည်း မရဘူးလေ။ သူတို့က လက်နက်ကိုင်ဆိုတော့ ကြောက်တယ်လေ။ ကောင်မလေးဘက်ကလည်း တောသူတောင်သားလည်း ဖြစ်တယ်၊ ရိုးရိုးအအကြီးတွေ။” လို့ နစ်နာသူမိန်းကလေးမိသားစုနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
အင်းတော်ဒေသခံ တော်လှန်ရေးရဲဘော် ၁ ဦးကလည်း အဲ့ဒီဖြစ်စဥ်က မှန်ကန်ကြောင်း အတည်ပြုပါတယ်။
“ဒုဗိုလ်ပေါ့၊ ကချင်လိုတော့ ဒူဝါဆိုပြီး ခေါ်တာပေါ့။ အမျိုးသမီး ၁ ယောက်ကို အဲ့ဒီအခြေနေထိ ဖြစ်ခဲ့တာပေါ့။ နောက်တော့ ခြိမ်းခြောက်ပြီး အခြားဘက် ထွက်သွားခိုင်းတဲ့ အနေအထားထိ ရှိခဲ့တယ်၊ အတည်ကတော့ဖြစ်တယ်။” လို့ သူက ဆိုပါတယ်။
အခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ပြောကြားခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတခုမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး မအိသဥ္ဇာမောင်က အမှုကိစ္စတွေ ဖြစ်တဲ့အခါ ဖြေရှင်းခွင့်၊ လူတဦးတယောက်ကို ဖမ်းဖို့ လုပ်ကိုင်ခွင့်မရှိတာကြောင့် ကြားကာလ တိုင်ကြားစာ ဗဟိုကော်မတီကို ပြန်တင်ပို့ပြီး အဲ့ဒီကမှတဆင့် သက်ဆိုင်ရာဌာနကို လွှဲပေးကာ သက်ဆိုင်ရာကြားကာလ တရားစီရင်ရေးကနေ စီရင်ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။
အရပ်သားအချင်းချင်း ကျူးလွန်တဲ့ အမှုကိစ္စတွေကိုတော့ သက်ဆိုင်ရာ နယ်မြေခံ တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေကတဆင့် ဖြေရှင်းပြီး၊ ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေက ကျုးလွန်တဲ့ အမှုကိစ္စတွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲအပ်ကာ အမှုဆက်လက်ဆောင်ရွက်တယ်လို့ ဒုဝန်ကြီး မအိသဥ္ဇာမောင်က ပြောခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုခြင်းဆိုင်ရာ အကာကွယ်ပေးရေး ဥပဒေ-PSHEA (Protection from Sexual Harassment, Exploitation and Abuse) ကိုလည်း ဝန်ကြီးဌာနတွေအားလုံးနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့တွေအားလုံး လိုက်နာဖို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကနေ တရားဝင် ချမှတ်ထားတာရှိပြီး ဖောက်ဖျက်တာတွေရှိရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ အဖွဲ့က ထုတ်ပယ်တာ၊ Blacklist သွင်းတာထိ လုပ်ဆောင်တယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီဥပဒေရဲ့ အကာအကွယ်ကို စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က ဈေးဆိုင်တခုမှာ အလုပ်လုပ်နေတဲ့ မချော* တယောက် မရခဲ့ပါဘူး။ အခုနှစ် ဖေဖော်ဝါရီလထဲမှာ မချောတယောက် ရေချိုးအဝတ်စားလဲပြီးလို့ ရေစိုနေတဲ့ ဆံပင်ကို ဈေးဆိုင်ထောင့်တနေရာမှာ အခြောက်ခံနေချိန် အရက်မူးနေတဲ့ အင်းတော်အခြေစိုက် တပ်ရင်းတခုရဲ့ရဲဘော် ၁ ဦးဟာ မချောရဲ့ ဆံပင်၊ ပုခုံးတွေကို ကိုင်တွယ်တာမျိုး ပြုလုပ်ခဲ့ပါတယ်။
မချောက အဲဒီလိုမလုပ်ဖို့ ငြင်းဆန်လိုက်တာကြောင့် သေနတ်နဲ့အချိန်ခံရကာ ရဲဘော်ရဲ့ ကန်ကျောက်ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ ဖြစ်စဥ်သိထားတဲ့ အင်းတော်မြို့ခံတဦးက ပြောပါတယ်။
“ကောင်မလေးက ဆဲလိုက်တော့(လာမလုပ်နဲ့ င့ါကိုဘယ်လို အတန်းစားများ ထင်နေလဲလို့ ပြောလိုက်တာဖြစ်) ရှက်ရမ်းရမ်းပြီး သူ့ကို အဲ့လိုပြောရမလားပေါ့။ ရင်ဘတ်ကို ဆောင့်ကန်၊ သေနတ်နဲ့ချိန်၊ တယောက်မှ ရှေ့တိုးမလာနဲ့ ရှေ့တိုးလာတဲ့ကောင်လည်း အကုန်ပစ်သတ်မှာဆိုပြီး ကောင်မလေးကို ရင်ဘတ်တွေကို ဆောင့်ကန်ပြီးတော့ လုပ်သွားတဲ့ အဖြစ်ပျက်ရှိတယ်၊ အရေးမယူဘူး။” လို့ ဖြစ်စဥ်သိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။
ဒီဖြစ်စဥ်အကြောင်းကို အင်းတော်တော်လှန်ရေးလက်နက်ကိုင်အသိုင်းအဝိုင်းက သိလိုက်ကြပေမယ့် ကျူးလွန်သူကို အရေးယူ အပြစ်ပေးတာမျိုးမလုပ်ခဲ့ကြပါဘူး။
ဒါပေမဲ့ အနိုင်ကျင့်အစော်ကားခံရတဲ့ မချောကတော့ ထပ်မံရန်ပြုခံရမယ့် အန္တရာယ်ကို ကြောက်ရွံ့တာကြောင့် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မခင်လေးနည်းတူ တခြားနေရာသစ်တခုကို ပြောင်းရွှေ့သွားခဲ့ရပါတယ်။
*လုံခြုံရေးအရ အမည်လွှဲထားသည်။
#မြေလတ်အသံ
#ဆောင်းပါး #သတင်းဆောင်းပါး #အမျိုးသမီး #မုဒိမ်း #သက်ငယ်မုဒိမ်း #အနိုင်ကျင့်မှု
Share Share Share