အကျဉ်းထောင်တွေမှာ သောက်သုံးရေမလုံလောက်လို့ ရောဂါတွေဖြစ်ပွားနေ

အကျဉ်းထောင်တွေမှာ သောက်သုံးရေမလုံလောက်လို့ ရောဂါတွေဖြစ်ပွားနေ

မြေလတ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ ပဲခူး၊ မကွေးတိုင်းထဲက အကျဥ်းထောင်တွေအပါအဝင် တနိုင်ငံလုံးက အကျဉ်းထောင်တွေမှာ သောက်သုံးရေမလုံလောက်လို့ ရောဂါတွေဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် PPNM က မေ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြေလတ်ဒေသက အကျဥ်းထောင်နဲ့အချုပ်ထောင်တွေဖြစ်တဲ့ ပြည်၊ သာယာဝတီ၊ ပခုက္ကူ၊ ဂန့်ဂေါ၊ ကသာ၊ ကလေး အကျဥ်းထောင်အပါအဝင် အင်းစိန်၊ ပုသိမ်၊ မိတ္တီလာ၊ မြစ်ကြီးနား၊ မြင်းခြံထောင်တွေမှာ အကျဥ်းသားတွေဟာ သောက်ရေသုံးရေ လုံလောက်စွာမရဘူးလို့ ဆိုပါတယ်။

"သာမန်အခြေနေထက်ကို ရေကို ခွက်ရေလျော့ပြီး ချိုးရတယ်။ မသန့်တဲ့ရေတွေ ချိုးရတယ်။ သောက်ရတယ်။ သောက်ရေတောင် အကျဥ်းသားတွေက ပိုက်ဆံစုဝယ်သောက်ရတဲ့အခြေနေရှိတယ်။" လို့ PPNM ရဲ့ တာဝန်ရှိသူ တဦးကပြောပါတယ်။

အကျဥ်းသားတွေဟာ ထုံးဓာတ်ပါပြီး မသန့်ရှင်းတဲ့ သောက်ရေသုံးရေတွေကိုသာ အသုံးပြုနေရတာကြောင့် အရေပြားရောဂါ၊ ကျောက်ကပ်ရောဂါ၊ အပူနာ၊ အကြောများတုံ့ဆိုင်းဝေဒနာတွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ရာသီဥတုပူပြင်းတာကြောင့် တနိုင်ငံလုံးနီးပါး သောက်သုံးရေရှားပါးပြတ်လတ်နေချိန် နိုင်ငံအတွင်းရှိ အကျဥ်းထောင်အားလုံးနီးပါးမှာလည်း သောက်ရေသုံးရေ ပြဿနာအခက်ခဲနဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

သောက်သုံးရေကြောင့် အကျဥ်းသားတွေခံစားနေရတဲ့ ရောဂါတွေကိုလည်း အကျဥ်းထောင်တွေက ပျောက်ကင်းအောင် လုံလောက်တဲ့ဆေးဝါးကုသမှု မပေးဘူးလို့ သိရပါတယ်။

၂၀၂၄ အတွင်းမှာ ဇန်နဝါရီ ၁ ရက်ကနေ မေ ၇ ရက်ထိ  နိုင်ငံအတွင်းရှိ အကျဥ်းထောင်တွေကနေ ဆေးဝါးကုသမှု လုံလောက်စွာမရလို့ နိုင်ငံရေးအကျဥ်းသား ၈ ဦးထိသေဆုံးထားတယ်လို့ PPNM ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြေလတ် #စစ်ကိုင်း #ပဲခူး #မကွေးတိုင်း #အကျဥ်းထောင် #သောက်သုံးရေ #PPNM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10