အကျဉ်းသားတွေကို ၁၂ ဘီးကားနဲ့ထောင်ပြောင်းဖို့လာတဲ့လမ်းမှာ မိုင်း ၂ ကြိမ်ဆွဲခံရလို့ နိုင်/ကျဉ်း ၁ ဦး သေဆုံး

အကျဉ်းသားတွေကို ၁၂ ဘီးကားနဲ့ထောင်ပြောင်းဖို့လာတဲ့လမ်းမှာ မိုင်း ၂ ကြိမ်ဆွဲခံရလို့ နိုင်/ကျဉ်း ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်က အကျဥ်းသားတွေအား မန္တလေးဘက်ကို ပြောင်းရွေ့တဲ့ကားတွေ သြဂုတ် ၁၅ ရက် ညနေ ၅ နာရီကျော်မှာ မိုင်း ၂ ကြိမ်ဆွဲခံရတာကြောင့် နိုင်/ကျဥ်း ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၂၇ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဆီက သိရပါတယ်။

စစ်ကောင်စီတပ်က မုံရွာထောင်က အကျဥ်းသားတွေကို မိုးကာတွေအုပ်ထားတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်နဲ့ စစ်ကား ၅ စီးကို အသုံးပြုပြောင်းရွှေ့ရာ မုံရွာ - မန္တလေးကားလမ်း ချောင်းဦးမြို့နယ်တနေရာမှာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတာဖြစ်တယ်လို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၀င်တဦးက ဆိုပါတယ်။

"ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ နိုင်ငံရေးအမှုနဲ့ နှစ်ကြီးကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်။ သံခြေချင်းတွေ ၂ ယောက်တတွဲခတ်ထားပြီး ခေါ်လာတာဆိုတော့ တယောက်ထိရင် နောက်တယောက်ပါ ထိတာပေါ့။ ဒေါက်တာဇော်ထွယ်အောင်ကတော့ ဆုံးသွားတယ်။" လို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၀င် ကိုအောင်နေမျိုးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း နိုင်ငံရေးအကျဉ်းသား ကချင်လူမျိုးဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင်နဲ့ ၎င်း လိုက်ပါစီးနင်းတဲ့ကားက ယာဉ်မောင်းဖြစ်သူတို့ သေဆုံးခဲ့ပြီး အကျဉ်းသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"ပထမတကြိမ်မိုင်းဆွဲခံရတော့ စကစယာဥ်မောင်းအပါအဝင် ၇ ဦး ဒဏ်ရာရတယ်။ အဲဒီထဲက ဒေါက်တာဇော်ထွယ်အောင်နဲ့ ယာဥ်မောင်းတို့က လမ်းမှာတင်သေတယ်။ ဒုတိယတကြိမ်မှာတော့ အကျဥ်းသား ၂၀ လောက် ဒဏ်ရာရသွားတယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာ ဇော်ထွယ်အောင် အကျဉ်းထောင်ပြောင်းရွှေ့စဉ် မိုင်းခွဲခံရလို့ သေဆုံးသွားတာကို အသိပေးလာကြောင်း မိသားစုနဲ့ နီးစပ်သူတဦးက ပြောဆိုတယ်လို့ The 74 Media သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပထမတကြိမ်မိုင်းဆွဲခံရလို့ ဒဏ်ရာရသွားတဲ့ အကျဥ်းသား ၅ ဦးကို စစ်ကောင်စီတပ်က မုံရွာမြို့ကနေ ဟိုက်ဂျက်ကားနဲ့တင်ကာ စစ်တပ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူဖို့ ပို့ဆောင်ပေးခဲ့ပေမယ့် ဒုတိယတကြိမ်မိုင်းဆွဲခံရလို့ ဒဏ်ရာရသွားတဲ့အကျဥ်းသား ၂၀ ခန့်ကိုတော့ ဆေးကုသမှုမပေးဘဲ မန္တလေးဘက်ကို မောင်းပြေးသွားတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အကျဉ်းထောင်ရွှေ့ပြောင်းမှုအတွင်း မိုင်းဆွဲတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မသိရသေးသလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အခုလိုမိုင်းဆွဲခံရတာဟာ စစ်ကောင်စီတပ်က အချုပ်ကားကိုမသုံးဘဲ ကုန်တင်ကားတွေ၊ စစ်တပ်သုံးကားတွေနဲ့ ပို့ဆောင်တာကြောင့် ရိက္ခာကားထင်ပြီး တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်နိုင်သလို နိုင်/ကျဥ်းတွေကို ကြားဖြတ်လုယူတာလည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က သုံးသပ်ပြောဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #အကျဉ်းထောင် #ထောင်ပြောင်းရွှေ့ #ယာဉ်တန်း #မိုင်းဆွဲခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10