သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြေလတ်ဒေသက အကျဥ်းထောင်တချို့မှာ ထောင်ဝန်ထမ်းတွေက အကျဥ်းသားတွေရဲ့ မိသားစုတွေဆီ ဖုန်းဆက်ကာ ကျန်းမာရေးကိစ္စအကြောင်းပြပြီး ငွေသိန်းချီလိမ်လည်တာတွေ လုပ်ဆောင်နေတယ်လို့ ထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ဒုတိယပတ်ကစပြီး အကျည်းသားတချို့ရဲ့ မိသားစုဝင်တွေဆီကို ဖုန်းဆက်ကာ အရေးပေါ်ဆေးကုသနေရတာကြောင့် ဆေးဖိုးဝါးခ လွှဲပေးဖို့ ငွေကြေးလိမ်လည် တောင်းခံနေတာဖြစ်ပြီး မိသားစုဝင်တွေက ၁၀ သိန်းကနေ သိန်း ၃၀ ကြား ပေးနေရတယ်လို့ ဆိုပါတယ်။
“ ၁ ယောက်ထဲ မဟုတ်ဘူး ၃၊ ၄ ယောက် ဝိုင်းလိမ်တာ၊ ဒီမှာခွဲစိတ်မှုလုပ်နေတယ် အပြင်ထုတ်ပြီးတော့၊ အဲ့ဒါ ခုခွဲစိတ်နေတာ ပိုက်ဆံလှမ်းပို့ရမယ်၊ မပို့ဘူးဆိုရင် ခုခွဲစိတ်မှုရပ်ထားမယ်၊ အဲ့လိုမျိုးပြောပြီး အိမ်တွေကို ပို့ခိုင်းတာ၊ အိမ်တွေက ပိုက်ဆံအရင်ပို့လိုက်တယ်၊ ပြီးတော့ လူလိုက်လာတယ်၊ ဆေးရုံကြီးကိုလိုက်တော့ ဆေးရုံကြီးမှာ မတွေ့ဘူး။”လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါ ငွေကြေးလိမ်လည်တောင်းခံမှုတွေက တခြားပြစ်မှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေ၊ မိသားစုက ၁ လ ၁ ခါသာ လာတွေ့နိုင်တဲ့ နယ်ဝေး အကျဥ်းသားတွေကို ပစ်မှတ်ထား လုပ်ဆောင်နေတာဖြစ်ပြီး ထောင်ဝင်စာ လာတွေ့ချိန်မှသာ ငွေလိမ်ခံရမှန်း သိကြတာလို့ ဆိုပါတယ်။
“ထောင်ဝင်စာ လာတွေ့တဲ့အချိန်မှာ အဲ့လို ပိုက်ဆံတောင်းတယ်ဟုတ်လား မေးတော့၊ မဟုတ်ဘူး ဘာလို့ပေးလိုက်တာလဲ ဘာညာဆိုတော့ လက်လွန်သွားပြီလေ၊ တလ တခါပဲ တွေ့ရတဲ့သူမျိုးကို လုပ်တာ၊ နိုင်ကျဥ်းတွေတော့ မပါသေးဘူး။”လို့ သူက ဆက်ပြောပါတယ်။
ပဲခူးတိုင်းထဲက အကျဥ်းထောင်တခုမှာလည်း အခုလို ငွေကြေးလိမ်လည်ခံရသူ ၄ ဦးခန့်ရှိနေပြီး အဆိုပါ လိမ်လည်မှုတွေကို စစ်ကောင်စီလက်အောက်ခံ အကျဥ်းဝန်ထမ်းတွေ၊ ဝန်ထမ်းနဲ့ နီးစပ်သူတွေပေါင်းကာ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးအိုးဘိုအကျဥ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊ မြိတ်အကျဥ်းထောင်၊ ညောင်ဦးအကျဥ်းထောင်နဲ့ ပခုက္ကူအကျဥ်းထောင်တွေမှာလည်း ထောင်ဝန်ထမ်းတွေက ဖုန်းဆက်လိမ်လည်တဲ့ဖြစ်စဥ်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNMက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခါကြီးရက်ကြီး လွတ်ငြိမ်းပေးမယ့် ကာလနီးလာရင်လည်း နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီကို ဖုန်းဆက်ကာ လွတ်ငြိမ်းနဲ့ ပါချင်ရင် ငွေပေးရမှာဖြစ်ကြောင်း ပြောဆိုပြီး ၅ သောင်းကနေ ၂ သိန်းကြား တောင်းခံတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#ပဲခူး #နိုင်ငံရေး #အကျဥ်းသား #ငွေကြေး #လိမ်လည်
Share Share Share