အကြမ်းဖက်မှုကို အားပေးနေတဲ့ မြန်မာဝမ်ပေါင်-ယန်စီကုမ္ပဏီကို ဆားလင်းကြီးဒေသခံတွေ ရှုံ့ချဆန္ဒပြ

အကြမ်းဖက်မှုကို အားပေးနေတဲ့ မြန်မာဝမ်ပေါင်-ယန်စီကုမ္ပဏီကို ဆားလင်းကြီးဒေသခံတွေ ရှုံ့ချဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ဒေသခံတွေဟာ မြန်မာဝမ်ပေါင်-ကုမ္ပဏီတို့ကို ရှုံ့ချကြောင်း သြဂုတ် ၁၈ ရက် ညနေ ၄ နာရီကျော်မှာ ဆန္ဒပြလှည့်လည်ခဲ့ကြတယ်လို့  ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းက ပြောပါ တယ်။

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသက ကျေးရွာတရွာမှာ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း ဦးဆောင်ပြီး ဒေသခံအင်အား ၁၀၀ ကျော်က "မြန်မာဝမ်ပေါင်-ယန်စီ အကြမ်းဖက်မှု ချက်ချင်းရပ်" စာသားကို ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြလှည့်လည်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

"ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဝမ်ပေါင်နဲ့ယန်စီကို ပြစ်တင်ရှုံ့ချကန့်ကွက်တာပါပဲ။ ဒေသခံတွေရဲ့ လုပ်ငန်းခွင် အခြေအနေအရ ရွာတရွာတည်းပဲ လုပ်ဖြစ်ခဲ့တာ" လို့ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသားတဦးက ပြောပါတယ်။

မြန်မာဝမ်ပေါင်-ယန်စီကုမ္ပဏီတို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယင်းမာပင်ခရိုင်တွင်းရှိ မြို့နယ် ၄ မြို့နယ်ကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာ၊ ကုမ္ပဏီအနေနဲ့ ကုမ္ပဏီအတွင်း စစ်ကြောင်းတွေကို တည်းခိုခွင့်ပေးတာ၊ ကျွေးမွေးတာ၊ ခရီးကြိုပို့ပြုလုပ်တာတွေ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီရဲ့ဘေးပတ်လည်ရှိ ရွာတွေကို ကုမ္ပဏီအတွင်းက လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာကြောင့် ပြည်သူတွေ နေ့/ညထိတ်လန့်စွာနေထိုင်ကြရတာ၊ စစ်ကောင်စီတပ်ကို ထောက်ပံ့ပေးပြီး ကျေးရွာတွေကို အဓမ္မသိမ်း ခြံစည်းရိုးခတ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ဖျက်ဆီးထားတဲ့ ညောင်ပင်ကြီးရဲစခန်းကို ပြန်လည်တည်ဆောက်ဖို့ ပံ့ပိုးပေးထားတာ၊ ကြေးနီတွေ သယ်ထုတ်ချိန်မှာလည်း အနီးအနားကျေးရွာတွေနဲ့ လမ်းကြောင်းရှိကျေးရွာတွေကို မီးရှို့ပြီး ပြည်သူတွေကိုသတ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ အထက်ပါ သပိတ်ဦးဆောင်သူက ပြောပါတယ်။

အဆိုပါ ကိစ္စအရပ်ရပ်တွေကြောင်း မြန်မာဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတို့ကို ရှုံ့ချကန့်ကွက်ကြောင်းကို ၅/လက်ပံတောင်း သပိတ်စစ်ကြောင်းအနေနဲ့ ကျေးလက်နေ ဒေသခံပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီး အပတ်စဥ် သောကြာနဲ့ စနေ ၂ရက်မှာ ဆန္ဒပြလှည့်လည်ကြရတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #မြန်မာဝမ်ပေါင်ကုမ္ပဏီ #ဆန္ဒပြ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10