သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ "အကြမ်းဖက်မှုတိုင်းမှာ ရင်းနှီးမှုဟူ၍ မရှိ"ခေါင်းစဉ်နဲ့ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်မှာ အမျိုးသမီးမဟာမိတ်အင်အားစု - WAB က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၃၁ ရက်ညပိုင်းမှာ မြင်းမူနယ်ထဲက ကျေးရွာတရွာမှာ မုံရွာ၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်မြို့နယ်တွေက WAB အဖွဲ့ဝင်တွေ ပူးပေါင်းပြုလုပ်ခဲ့တာပါ။
ရင်းနှီးမှုကိုအခြေခံပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ နှောင့်ယှက်မှုတွေမဖြစ်စေရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရရေး၊ ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာအရေးယူနိုင်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
"ရင်းနှီးမှုကိုအကြောင်းပြပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်သာရှိနေရင် အိမ်တွင်းအကြမ်းဖက်တွေဆိုတာ ရှိလာမှာမဟုတ်ဘူး။ ဒါကြောင့် ဒီခေါင်းစဉ်အနေနဲ့ ရင်းနှီးမှုကိုအခြေခံပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေကို မဖြစ်စေရေး ရည်ရွယ်တယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ပြစ်ဒဏ်ပေးရမယ်။ ဒါမျိုးတွေဖြစ်ပေါ်စေရေးအတွက် စုပေါင်းပြီးသပိတ်ထွက်ခဲ့တာပါ။” လို့ အမျိုးသမီးမဟာမိတ်အင်အားစု - WAB အဖွဲ့ဝင် မမိုးထက်မြင့်ခေါင်က ပြောပါတယ်။
အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်မှုကိုရင်ဆိုင်ရတဲ့အခါမှာ တိုင်ကြားဖို့အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
"ဒီကာလမှာဆို အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်မှုကျူးလွန်ခံရတဲ့အခါမှာ သူတို့အနေနဲ့ တိုင်တန်းမှု ပြုလုပ်ဖို့ အခက်ခဲတွေရှိလာတယ်။ ကြားကာလတရားစီရင်ရေးကြောင့်သော်လည်ကောင်း၊ ပြည်သူလူထုက ဘယ်ကိုတိုင်လို့တိုင်ရမှန်းမသိ ဖြစ်နေတာ။ အဲဒီအခက်အခဲ ကြုံနေရတာ။"လို့ မမိုးထက်မြင့်ခေါင်က ဆက်ပြောပါတယ်။
သပိတ်လှုပ်ရှားမှုပြုလုပ်ရာမှာ "အကြမ်းဖက်မှုတိုင်းမှာ ရင်းနှီးမှုဟူ၍ မရှိ"၊ "အကြမ်းဖက်မှု ပပျောက်ဖို့ လူထုအားနဲ့တိုက်ထုတ်စို့" စတဲ့ဘန်နာတွေကိုကိုင်ဆွဲပြီး ကျေးရွာအတွင်း အမျိုးသား၊အမျိုးသမီးတွေ အပါအဝင် ပြည်သူအင်အား ၁၀၀ ကျော်နဲ့အတူ သပိတ်စစ်ကြောင်းချီတက်ပြီး ကျေးရွာတနေရာမှာ ထိုင်သပိတ်ပြုလုပ်ကာ သပိတ်တရားဟောပြောမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဟောပြောရာမှာလည်း ရင်းနှီးမှုကိုအခွင့်ကောင်းယူအကြောင်းပြုကာ အကြမ်းဖက်မှု၊ ရင်းနှီးမှုကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေရှိနေတဲ့အပြင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားမှု၊ ရင်းနှီးမှုကိုအခြေခံကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ထိပါးနှောက်ယှက်မှုတွေ လျော့ကျစေရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထမရှိစေရေး၊ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်စေရေးနဲ့ ကျူးလွန်ခံရသူနဲ့အတူ ရပ်တည်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
WAB အဖွဲ့တွေ သိရှိထားရတဲ့အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်မြို့နယ်တွေထဲမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ရင်းနှီးမှုကို အခြေခံပြီး ကျူးလွန်ထားတဲ့အကြမ်းဖက်မှုတွေက ၁ မြို့နယ် ၁၀ မှုအထက်ရှိနေကာ မြေပြင်မှာ ပိုများပြီး စစ်ကောင်စီတပ်သားတွေကျူးလွန်တဲ့ အကြမ်းဖက်မှုကတော့ တော်လှန်ရေးအင်အားစုတွေထက် ပိုများတယ်လို့ မမိုးထက်မြင့်ခေါင်က ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#အကြမ်းဖက်မှု #WAB #သပိတ် #အမျိုသမီး #အခွင့်အရေး
Share Share Share