အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေး သင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင် တွေကို အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေး သင်တန်းပေးခဲ့ပြီး မတ် ၁၈ ရက်မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးဌာန - SSTFရဲ့ ဒုဌာနကြီးမှူးဆီက သိရပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံး အပတ်စဥ်အဖြစ် သင်တန်းပေးခဲ့ကာ သင်တန်းမှာ မရိမ်းတပ်ဖွဲ့ဝင်ဟောင်း နည်းပြတွေ၊ တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က နည်းပြတွေနဲ့ SSTF တပ်ဖွဲ့က နည်းပြတွေ ပူးပေါင်းပြီး သင်တန်းပို့ချခဲ့တာလို့ ဆိုပါတယ်။

“ဒေသတော်တော်များများမှာ လွှတ်ထားတဲ့ရဲဘော်တွေကို ပြန်စုစည်းပြီး ပေးတဲ့သင်တန်းပါ။ စစ်ကိုင်းတိုင်းထဲက ပိုများတာပေါ့။ ဒါပေမယ့် ကျနော်တို့ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကတော့ စစ်ကိုင်းတိုင်းတခုထဲကို ကိုယ်စားပြုတာ မဟုတ်ဘူးပေါ့နော်။ NUG အစိုးရ ယန္တရားတည်ဆောက်နိုင်တဲ့ တိုင်းနဲ့ပြည်နယ်အားလုံးကို ထိုးဖောက်ပြီးတော့ လုပ်ငန်းတွေဆောင်ရွက်သွားမှာပါ။”လို့ SSTF ပြန်ကြားရေးတာဝန်ခံ ဒုဌာနကြီးမှူးက ပြောပါတယ်။

အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၃ လ ကြာမြင့်ခဲ့ကာ သင်တန်းသားအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက သင်တန်းတက်ရောက်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ဆီမှာ ၉၀ ရာခိုင်နှုန်းလောက်တော့ သင်တန်းတက်ရောက် အောင်မြင်ကြတယ်။ အမျိုးသမီးကတော့ ၁၀၀ ရာခိုင်နှုန်းအောင်မြင်တယ်လို့တောင် ပြောလို့ရတယ်။ အမျိုးသမီးက ဒီသင်တန်းမှာပါတဲ့ အရေအတွက်အကုန်လုံး သင်တန်းဆင်းတဲ့ထိ လုပ်ဆောင်နိုင်ခဲ့တယ်။ အမျိုးသားတွေတန်းတူပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အမျိုးသားတွေလို လျင်မြန်ဖျက်လတ်ပြီး လုံးဝလုပ်နိုင်တဲ့ အနေထားမျိုးမဟုတ်ခဲ့ပေမယ့် သူတို့စံချိန်စံနှုန်းနဲ့အညီကို ကျော်ဖြတ်နိုင်ခဲ့တယ်။” SSTF ပြန်ကြားရေးတာဝန်ခံ ဒုဌာနကြီးမှူးက ပြောပါတယ်။

အဆိုပါ အထူးစစ်ဆင်ရေး သင်တန်းဆင်းရဲဘော်တွေအနေနဲ့လည်း မြို့ပြစစ်ဆင်ရေးတွေမှာ အဓိကထားလှုပ်ရှားသွားမှာဖြစ်ပြီး ပြည်သူတွေအတွက် ဥပဒေနဲ့ အကာအကွယ်ပေးရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေလည်း လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲကို ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုရဲချုပ်၊ SSTF ဒုဌာနကြီးမှူး၊ SSTF က ရဲဘော်တွေနဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ပြည်သူ့ရဲတပ်ဖွဲ့ #အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေး #သင်တန်းဆင်းပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10