အခက်ခဲတွေကြားက CDM တွေရဲ့ ရွှေ့ပြောင်းစာသင်ကျောင်း

အခက်ခဲတွေကြားက CDM တွေရဲ့ ရွှေ့ပြောင်းစာသင်ကျောင်း

အာဏာသိမ်းမှု တနှစ်ပြည့်လာချိန်မှာတော့ တော်လှန်ရေးအင်အားစုများဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ခဲ့ကြသလို CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ၊ဆရာမတွေကလည်း  ပညာရေးနဲ့ဝေးနေတဲ့ ကလေးတွေကို စာသင်ကြားပေးခဲ့ကြပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေး အပြင် လိုအပ်နေတဲ့ ကဏ္ဍာတခုကတော့ ပညာရေးပဲဖြစ်ပါတယ်။ အခုဆိုရင် အကြောင်းအမျိုးမျိုးကြောင့်ပညာရေးနဲ့ဝေးကွာခဲ့ကြရတဲ့ အခြေခံမူလတန်းပညာကျောင်းသားတွေကို ကြိုးစားစာသင်ပေးနေတဲ့ တော်လှန်ရေးအသိုင်းအဝိုင်းမှာ ကိုယ်ပိုင်ပညာရေး ကျောင်းလေးတွေ တခုပြီးတခု ပေါ်ပေါက်လာနေပါပြီ။ 

အဲဒီထဲကမှ ရေစကြို သိန်းငှက်ပျောက်ကျားအဖွဲ့ကို ဖွဲ့စည်းထားတဲ့ ကျေးရွာ(၅) ရွာမှာ CDM ဆရာ/ဆရာမများနှင့်ပူးပေါင်းပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၅ ရက်နေ့ကစတင်ကာ မူလတန်းကျောင်းသူ/ကျောင်းသားကလေးငယ်တွေကို စာသင်ကြားပေးခဲ့ကြပါတယ်။

“ကျတော်တို့တတွေဟာ လက်နက်ကိုင်မှတော်လှန်ရေးမဟုတ်တဲ့အတွက်ကြောင့် ကျတော့ထဲမှာပါတဲ့ရွာ ၅ ရွာကိုအရင်ဆုံး ကျေးရွာလုံခြုံရေး ကျေးရွာကာကွယ်ရေးဖြစ်ပြီးတော့ ကိုယ့်ရွာကိုယ်လုံခြုံအောင် စောင့်ရှောက်နိုင်အောင်ပထမဆုံးလုပ်တယ်၊ အခုကြတော့ကိုယ့်ကျေးရွာကိုယ် လုံခြုံရေးပေးနိုင်ပြီဆိုတဲ့အခါကြမှ ကလေးတွေစာနဲ့ဝေးနေရရှာတဲ့ အတွက်ကြောင့် ဒီပညာရေးကိုစတင်လိုက်တာပါ” လို့ ရေစကြို သိန်းငှက်ပျောက်ကျားအဖွဲ့တာဝန်ခံ ကဆိုပါတယ်။

CDMအားကောင်းလှတဲ့ နယ်ဖြစ်တာနဲ့အညီ CDM ဆရာ/ဆရာမတွေကော တက္ကသိုလ်အောင်တဲ့ခလေးတွေကော ဘွဲ့ရတဲ့ခလေးတွေကော အားလုံးပေါင်း ၅၀ လောက်ကနေ စာသင်ပေးနေတာပါ။ သင်ယူနေတဲ့ကလေးတွေကလည်း အားကောင်းမောင်းသန်ဖြစ်အောင်ကို KGအတန်းကနေ ၄ တန်းအထိ ကျောင်းသူ/ကျောင်းသားဦးရေ ၅၀၀ ခန့် အထိရှိနေပါတယ်။

“၄ လပိုင်းထဲမှစပြီး CDM စဝင်ဖြစ်တာပါ၊ ကလေးတွေကိုစစ်ကျွန်ပညာရေးကို မဖြစ်စေချင်ဘူးဆိုတာ ကျမတို့ငယ်ငယ်တုန်းက သင်ယူမှုအခွင့်အလမ်းတွေဆို ဒီမိုကရေစီခေတ်လောက် ပွင့်ပွင့်လင်းလင်းနဲ့လက်တွေ့ကြကြလုပ်ခဲ့ရတဲ့ ပညာရေးမရှိခဲ့ဖူးပေါ့နော်၊”  CDM ဆရာမတဦးကပြောပါတယ်။

စစ်အာဏာသိမ်းမှုအပြီး CDM ပြုလုပ်ခဲ့ကြတာ များစွာသော ဝန်ထမ်းတွေထဲမှာ ပညာရေးအသိုင်းအဝိုင်းကလည်း မနည်းတဲ့ အင်အားစုထဲမှာ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီက CDM ပြုလုပ်သူတွေကို အလုပ်ဖြုတ်ခြင်း။ အမှုဖွင့်အရေးယူခြင်း၊ နေအိမ်တွေကို ချိတ်ပိတ်ခြင်းနဲ့ ဖမ်းဆီးထောင်ချခြင်းတို့ကိုအဆက်မပြတ် ပြလုပ်နေပေမယ့် တနှစ်ကြာအောင် တောင့်ခံခဲ့ကြတဲ့ CDM တွေရဲ့ ဘဝခရီးလမ်းဟာ လည်း လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။

CDM ပြုလုပ်နေသူတွေရဲ့ စိတ်ထဲမှာ တညီတညွတ်ထဲ ခံယူထားကြတာကတော့ သူတို့လိုဘဝ ဆိုး၊ စနစ်ဆိုးတွေကို အနာဂတ်မျိုးဆက်တွေ ဆက်လက်မခံစားစေချင်တာ တခုပါပဲ။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတခုကို အာဏာရှင်ချုပ်ငြိမ်းတဲ့နိုင်ငံတခုကို အနာဂတ်မျိုးဆက်တွေလက်ထဲ လွဲပြောင်းပေး ချင်ကြတာ။

“ခေတ်တခေတ်ထဲမှာ ပညာရေးစနစ်တခုကတော့ ၂၀၁၆ ကနေ ၂၀၂၁ ပညာရေးစီမံကိန်းစပေါ်လာတော့ အဲဒီပညာရေးကိုကြိုက်တယ်၊ အဲဒါကြောင့်မလို့ အရင်တုန်းကနည်းစနစ် အရင်တုန်းကပညာရေးထဲမှာ ကလေးတွေကိုပြန်မရောက်စေချင်ဖူးပေါ့၊ အဲဒါကြောင့်စစ်ကျွန်အောက်မှာဆက်မလုပ်ချင်လို့ CDM ပြုလုပ်လိုက်တာပါ”  လို့ CDM ပြုလုပ်ရင်း လိုအပ်တဲ့နေရာမှာစာသင်ပေးနေရတဲ့အပေါ် ဂုဏ်ယူနေတဲ့ ဆရာမတဦးကပြောပါတယ်။

တော်လှန်ရေးတဖက် ပညာရေးတဖက်နဲ့ အချိန်မရွေး ဝင်ရောက်ဖမ်းဆီး၊ တိုက်ခိုက်တာတွေ လုပ်နိုင်တဲ့အတွက် နေရာအတည်တကျနဲ့ စာသင်ကြရတာတော့မဟုတ်ပါဘူး။ ရွေ့ပြောင်းသင်ကြားနေရသလို မျာြပားလှတဲ့ စာသင်သားတွေအတွက်လည်း နေရာအခက်ခဲက ကြီးမားတဲ့စိန်ခေါ်မှုတခုပါပဲ။

“အခက်ခဲဆိုတာကတော့ ပြည့်သူ့ပညာရေးစတင်တာတော့ အတန်းကျောင်းတွေမှာလုပ်တာမဟုတ်ဘူး ဘုန်းကြီးကျောင်းတွေ အိမ်တွေမှာပဲလုပ်တာဆိုတော့ နေရာအခက်ခဲတော့ရှိတာပေါ့။ လူကတအားများတော့ နေရာမရှိတော့ ကွင်းပြင်တွေထဲမှာ သင်ရတာတွေရှိတယ်။ အဲလိုအခက်ခဲတော့ရှိတာပေါ့။” လို့ တာဝန်ယူဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။

ဒါအပြင် များပြားလှတဲ့ ကျောင်းသားတွေအတွက် ပညာရေးသင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်ကလည်း ရှိနေတာပါ။ တတ်စွမ်းသလောက်လုပ်နေကြပေမယ့် အလှူရှင်ကတော့ လိုအပ်နေတာပါ။ 

စိုက်ပျိုးရေးကဏ္ဍကျဆင်းနေတာနဲ့အတူ ခက်ခဲနေတဲ့ သယ်ယူပို့ဆောင်ရေးတွေကြောင့် တောင်သူလယ်သမားတွေနဲ့ အခြေခံလူတန်းစားတွေအခက်ခဲဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ အာဏာသိမ်းမှုဂယက်ကြောင့်လည်း ကျီးလန့်စာစားနေရတဲ့လူထုအဖို့ အဆင်မပြေကျပ်တည်းမှုကြားကနေ ရင်သွေးငယ်တွေပညာရေးဝေးကွာမသွားရအောင် ထားနေတဲ့အတွက် စာသင်ကြားရေးမှာ ခက်ခဲနေပါတယ်။ 

“အခုလောလောဆယ်တော့ အလှုရှင်တွေလည်း မရှိတဲ့အတွက် လက်လှမ်းမီသလောက် တတ်နိုင်သလောက်တော့ လုပ်ထားတယ်။ အကုန်လုံးအပြည့်စုံကတော့ မရှိဘူး” လို့  တာဝန်ယူဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။

အဲဒီနယ်မြေတွေမှာတော့ CDM ပြုလုပ်သူများပြီး CDM မလုပ်တဲ့သူနည်းပါးတဲ့အတွက် စစ်ကောင်စီကျောင်း တွေမဖွင့်နိုင်ပါဘူး။ ဖွင့်ခဲ့ရင်လည်းတတ်ရောက်မယ့်သူရှိမှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ အဲဒီအတွက် ကလေးငယ်တွေရဲ့ ပညာရေးအလှမ်းမဝေးစေဖို့ကတော့ အခုလိုကျောင်းလေးတွေ များစွာပေါ်ပေါက် လာဖို့နဲ့ ရပ်တည်နိုင်ရေးပါပဲ။ ကလေးငယ်များပညာရေးအလှမ်းမဝေးဖို့ကတော့……………။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10