အချုပ်ခန်းတန်းစီးတွေရဲ့ နှိပ်စက်ဒဏ်ကို မခံနိုင်လို့  LGBT တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

အချုပ်ခန်းတန်းစီးတွေရဲ့ နှိပ်စက်ဒဏ်ကို မခံနိုင်လို့  LGBT တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ LGBT တဦးဟာ ရဲအချုပ်ခန်း တန်းစီးတွေရဲ့ နှိပ်စက်ဒဏ်ကို မခံနိုင်လို့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရပါတယ်။

အဆုံးစီရင်သွားသူဟာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုသူရဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းမှာ ရဲအချုပ်ခန်းမှာပင် အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။

"သိရသလောက်က ကြိုးဆွဲချတယ်လို့တော့ သိရပေမယ့် ဘယ်ပုံစံ သတ်သေလဲဆိုတာကို အတည်ပြု နိုင်ဖို့ စုံစမ်းနေတယ်။ သေတာကိုတော့ သေချာအတည်ပြုနိုင်တယ်။ အလောင်းကိုတော့ ရဲဘက်က နာရေးလုပ်လိုက်တယ်လို့ပဲ သိထားရပြီး မိသားစုကတော့ အဲကိစ္စကို မသိကြသေးဘူးနေမယ်" လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့၀င် ကိုရှင်းသန့်က ပြောပါတယ်။

ကိုသူရဟာ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ရာဇာသတ်ကြီး ပုဒ်မ - ၃၇၇ (ဓမ္မတာနဲ့ ဆန့်ကျင်သော ပြစ်မှု)နဲ့ စွပ်စွဲတရားစွဲဆို ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

ကိုသူရဟာ အချုပ်ခန်းထဲမှာ ချုပ်နှောင်ခံထားရစဥ် တခြားပြစ်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ တန်းစီးဆိုသူ ကိုစွမ်းရည်ထက်၊ ကိုစိုင်းစိုင်းချစ်၊ ညီညီထက်၊ ရဲအောင်၊ ကျော်ဇင်လင်း၊ အောင်ခိုင်ဖြိုးတို့က ကိုယ်ထိလက်ရောက်စော်ကားတာ၊ LGBT ဖြစ်နေတဲ့အပေါ် စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

LGBT ကိုသူရ သေဆုံးသွားပေမယ့် ရဲဘက်ကတော့ သူတို့ခန့်ထားတဲ့ တန်းစီးဆိုသူတွေကို အရေးယူတာမရှိဘဲ ပုံမှန်အတိုင်းသာ ဆက်လက်ထားရှိထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာ အမှတ်(၁)ရဲစခန်းအချုပ်ထောင်ရှိ အမျိုးသားအချုပ်ခန်းမှာ အကျဉ်းသား ၇၀ ဦး၊ အမျိုးသမီး အချုပ်ခန်းမှာ ၂၅ ဦးနဲ့ အချုပ်ခန်းကြား စင်္ကြလျှောက်လမ်းမှာ အကျဉ်းသား ၂၅၀ ဦး စုစုပေါင်း ၃၄၅ ဦး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မုံရွာလူထုတိုက်ပွဲဦးဆောင်ကော်မတီက သိရပါတယ်။

အဲဒီအကျဉ်းသား ၃၄၅ ဦးထဲမှာ မန္တလေး အိုးဘိုထောင်မှာ ပြောင်းရွှေ့လာတဲ့ ပြစ်ဒဏ်ချခံရပြီးသား အကျဉ်းသား ၁၅ ဦးနဲ့ ပြစ်ဒဏ်ကျ ကလေးသူငယ် အကျဉ်းသား ၂၀ ဦး ရှိပေမယ့် သက်ဆိုင်ရာ အကျဉ်းထောင်တွေကို ပြောင်းရွှေ့မပေးဘဲ ရဲအချုပ်မှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ရဲအချုပ်ရှိ အကျဉ်းသား ၃၀၀ ကျော်ထဲမှာ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးခံထားရသော်လည်း အမှုဖွင့်တာ၊ တရားစွဲဆိုတာမျိုးမရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ရှိနေပါတယ်။

နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက်ဟာ မိသားစုနဲ့ တွေ့ခွင့်မရတာ၊ ပုံမှန် ထမင်းနဲ့ဟင်း အလုံအလောက် မစားရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မရတာအပြင် အချုပ်ခန်းအတွင်း လူအများအပြားနဲ့ ဆင်းရဲကျပ်တည်းစွာ နေထိုင်နေရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာမြို့ #ရဲစခန်း #အချုပ် #LGBT #တန်းစီး #မုံရွာလူထုသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10