အခွန်အခတွေတိုးကောက်နေတဲ့ ချောက်မြို့ စည်ပင်သာယာရုံး လက်ပစ်ဗုံးပစ်ခံရပြီး ဦးစီးမှူးကား ပျက်စီး

အခွန်အခတွေတိုးကောက်နေတဲ့ ချောက်မြို့ စည်ပင်သာယာရုံး လက်ပစ်ဗုံးပစ်ခံရပြီး ဦးစီးမှူးကား ပျက်စီး

မကွေးတိုင်း၊ ချောက်မြို့မှာ အခွန်အခတွေတိုးမြှင့်ကောက်နေတဲ့ မြို့နယ်စည်ပင်ရုံးကို စက်တင်ဘာ ၁၈ ရက် မနက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခံရလို့ ဦးစီးမှူးကားပျက်စီးခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။

စည်ပင်ရုံးအပြင် ပတ်ဝန်းကျင်တွေမှာလည်း CCTV တွေကိုတပ်ဆင်ထားပေမယ့် လက်ပစ်ဗုံးကို ရှောင်တခင်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) ဒုခေါင်းဆောင် ဗိုလ်ပေတ ကပြောပါတယ်။

"တလုံးပဲ ပစ်ခတ်ခဲ့တာ။ အဓိကပစ်တာကတော့ နိုင်နိုင်မော်နဲ့ စည်ပင်ဦးစီးမှူးရှိတဲ့ ဦးနေမန်းအောင်နေရာကို ပစ်ခတ်တိုက်ခိုက်တာ။ အခွန်ဆောင်တဲ့ ပြည်သူတွေများစွာရှိတဲ့အတွက် ပြည်သူတွေထိခိုက်မှာ ရှောင်တိမ်းပြီးအခြားနေရာကို ပစ်ခတ်တိုက်ခိုက်တာမှာ လက်ပစ်ဗုံးက သစ်ပင်ထိပြီး စည်ပင်ဦးစီးမှူးကားရဲ့အောက်ကိုတည့်တည့်ရောက်ပြီး နောက်ဘီး ၂ လုံးပွင့်ထွက်သွားတယ်။ ပြည်သူတွေတော့ အထိအခိုက်မရှိဘူး။ ရဲ‌ဘော်တွေကတော့ လုံခြုံစိတ်ချရတဲ့နေရာရောက်နေပြီ" လို့ ဗိုလ်ပေတ ကပြောပါတယ်။

ပြည်သူတွေကို ဖိနှိပ်ပြီး အနိုင်မကျင့်ဖို့၊ အခွန်အခတွေကို အာဏာရူးတွေအကြိုက် တိုးမြှင့်မကောက်ခံဖို့၊ မတရားဥပဒေနဲ့ မခြိမ်းခြောက်ဖို့၊ သတိပေးခဲ့ပေမယ့် စည်ပင်ရုံးက စစ်ကောင်စီ အမိန့်ပေးစေခိုင်းချက်တွေအတိုင်းသာ အခွန်အခတွေ တိုးကောက်လို့ ပစ်ခတ်ခဲ့တာ လို့ဆိုပါတယ်။

"သတိပေးချင်တာကတော့ စည်ပင်ရုံးမှာရှိတဲ့ ရေပေးရေးအရာရှိ နိုင်နိုင်မော်က ဆိုးနေတယ်လို့ ပြည်သူတွေရဲ့တိုင်ကြားစာတွေကို ကျနော်တို့က သက်သေနဲ့တကွလက်ခံရရှိထားတာရှိတယ်။ သူကအမျိုးသမီးဖြစ်ပြီး ဆိုးဆိုးဝါးဝါးလုပ်နေတာ။ စည်ပင်ရုံးက ဝန်ထမ်းတွေအနေနဲ့ နောက်နောင်ပြည်သူကို အနိုင်မကျင့်ဖို့နဲ့ ပြည်သူတွေနဲ့အတူပူးပေါင်းပြီးတော့ CDM ပါဝင်ကြဖို့ ဆက်ပြောချင်တယ်"လို့ ဗိုလ်ပေတ ကဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရေနံစက်ရုံးရှေ့လမ်းတကြောနဲ့ မြေနီကုန်းလမ်းဆုံ တံတားထိပ်လမ်းတွေကို ပိတ်လိုက်ပြီး စစ်ကား ၃ စီး စစ်သားအပြည့်နဲ့ စည်ပင်ရုံးရှေ့ရောက်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F)နှင့် ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စည်ပင်ရုံး #အခွန်အခ #တိုးမြှင့်ကောက်ခံ #မကွေးတိုင်း #ချောက်မြို့ #ဗုံးပစ်ခတ်ခံရ #ဖိနှိပ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10