အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရ

အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့ကနေ မြင်းမူမြို့နယ်ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီကားတစီး ဇန်နဝါရီလ ၃၀ ရက်ဒီမနက် ၅ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတာကြောင့် သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းအခြေစိုက် တမခ ၃၃ မှ အင်အား ၂၀ လိုက်ပါလာတဲ့ကားဟာ မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကန်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဆီကို အင်အားဖြည့်သွားချိန် ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားကိုအရောက်မှာ လေးလုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ People's knight Defen se Force Myinmu (PKDF - MMU)မှ ဗိုလ်အေးချမ်းက ပြောပါတယ်။

"ကားက သံပြားကာကား။ မိုင်းဆွဲလိုက်တဲ့အချိန်မှာ ကားကို ထိထိမိမိမှန်ခဲ့တယ်။ ထိခိုက်၊ သေဆုံးမှုကိုတော့ မသိရသေးဘူး။ ကားပေါ်ကတော့ သေနတ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပြီးတော့ ရှေ့ဆက်မောင်းသွားတယ်" လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို People's knight Defense Force Myinmu (PKDF-MMU)၊ People's Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)၊ Dog Killers Defense Force ( DKPDF -MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F-MMU စတဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေက ပြောပေမယ့် မြေလတ်အသံက သီးခြာအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

တိုက်ခိုက်နေချိန်မှာ အဆိုပါစစ်ကောင်စီ ကားဘေးမှာ ကပ်ပါလာတဲ့ အရပ်သားကားတစီးကို မတော်တဆ ထိမှန်ခဲ့ပေမယ့် ထိခိုက်မှုတွေ မရှိခဲ့ဘူးလို့လည်း ဗိုလ်အေးချမ်းက ဆက်ပြောပါတယ်။  

အလားတူ ဇန်နဝါရီလ ၂၉ ရက်ညနေ ၅ နာရီဝန်းကျင်မှာလည်း မြင်းမူမြို့နယ်ရဲစခန်းနဲ့ အ ထ က ( ၁) အတွင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ၆၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကြီးတွေဟာ လိုင်းခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10