အင်အားရာချီပါတဲ့ စစ်ကောင်စီရိက္ခာပို့ကားတန်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ ကနေ ထွက်လာတဲ့ ရိက္ခာပို့ကားတွေနဲ့ စစ်ကောင်စီစစ်ကြောင်းကို မြိုင်မြို့နယ်အတွင်းမှာပဲ ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

ရိက္ခာပို့တဲ့ကား ၇ စီး အင်အား ၃၀၀ ခန့်နဲ့ ထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းကို မတ် ၅ ရက်က ၃ ကြိမ်တိုက်ခိုက်ခဲ့တာလို့  Earthquake People Defence Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

ကိုင်းတောမစခန်းကို မရောက်ခင် ပုသိမ်-မုံရွာလမ်းဘေးတနေရာမှာ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲမှာ မီတာ ၇၀ လောက်ကနေ အနီးကပ်ပစ်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃ ဦး ပွဲချင်းပြီးသေတယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ဆိုပါတယ်။

အလားတူ အဲဒီနေ့ နေ့လယ် ၂ နာရီခွဲမှာ ကိုင်းတောမရွာအလယ်ကိုရောက်လာတဲ့ ရိက္ခာသယ်ယာဉ်တန်းကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာမှာလည်း ကားပျက်စီးမှုရှိပြီး လူအထိအခိုက်တော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ညနေ ၄ နာရီခွဲအချိန်မှာ ကိုင်းတောမစခန်းထဲ ရိက္ခာကားရောက်သွားပြီး ရိက္ခာချနေချိန် ၄၀ မမနဲ့ ပစ်ခတ်တာမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးတယ်လို့ ကိုပိန်က ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း ၁၊  တပ်ခွဲ ၁၊ တပ်ခွဲ ၂ (ဂဠုန်)၊ တပ်ခွဲ၄ (စက်ြာ)၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့၊ Myaing UAV တပ်ဖွဲ့၊ ယူနီယံဘရားသားတပ်ဖွဲ့၊  Earthquake People's Defence Force၊ ခရိုင်တပ်ရင်း ၂ နဲ့  Pakokku People's Defense Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ရိက္ခာယာဉ်တန်း #တိုက်ခိုက် #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10