အင်အားလာဖြည့်တဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

အင်အားလာဖြည့်တဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မြို့သာမြို့ကနေ ငါန်းဇွန်မြို့ဘက်ကို အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီလ ၂၄ ရက်မနေ့ကမနက် ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ် ၃ စီး၊ ကား ၁ စီးနဲ့လာတဲ့ စစ်သားအင်အား ၁၇ ဦးလောက်ကို ငါန်းဇွန်မြို့နယ်၊ တောင်လယ်တောရွာနဲ့ ရွာသာရွာအကြားမှာ မဟာမိတ်တပ်တွေက မိုင်း ၆ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
“သူတို့အင်အားလာဖြည့်တဲ့ ထောက်ပို့ဆိုင်ကယ် ၃ စီးနဲ့ ကား ၁ စီး ကို မိုင်းဆွဲလိုက်တာ။ မနေ့ကပွဲချင်းပြီး အဲဒီအနားမှာ သေဆုံး ၃ ယောက်နဲ့ ကျန်တဲ့သူတွေက အသက်လုနေရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ်။ မြို့သာမှာ အထိုင်ချနေတဲ့တပ်က စစ်သားတွေပါ။ မိုင်းဆွဲခံရပြီး မြို့သာဘက်ကိုပြန်သွားတယ်” လို့ ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)နဲ့ MN PDF Myitnge. မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ဂျပန်ကျွန်းကနေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို သာကျင်းရွာနဲ့နတ်ကြီးရွာအကြားမှာ ဒေသခံမဟာမိတ်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10