အင်အား ၁၅၀ ပါစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများလို့ တပ်ပြန်ဆုတ်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကန်ဒေါင့်ရဲစခန်းတောင်ဘက်ကနေ ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့အဖွဲ့တွေဆီက သိရပါတယ်။

ကန်ဒေါင့်ရဲစခန်းကနေ အင်အား ၁၅၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းကို စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁၁ နာရီလောက်မှာ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း (၁၁) ကျားသစ်နက် တပ်မတော် B.L.P.A တာဝန်ခံ ကိုဥက္ကာဦးက ပြောပါတယ်။

"နေ့လယ် ၁၁ နာရီလောက် ကန်ဒေါင့်ရဲစခန်းကနေ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီအင်အား ၁၅၀ လောက်နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲ့ဒီမှာ ကျနော်တို့ရှေ့ပွိုင့်နဲ့‌တိုးတယ်။ ကျနော်တို့မိုင်းဆွဲတယ်။ အသင့်စောင့်ဆိုင်းနေတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်တယ်။ နေ့လယ် ၁ နာရီလောက်မှာ တိုက်ပွဲရပ်တယ်" လို့ B.L.P.A တာဝန်ခံ ကိုဥက္ကာဦးက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေအပါအဝင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေများတဲ့အတွက် တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက် သေဆုံးမှုကိုတော့ စုံစမ်းဆဲဖြစ်ပြီး ကာကွယ်ရေးအဖွဲ့က ရဲဘော်တဦးကတော့ ၄၀ မမကျည် ခြေထောက်ကိုထိမှန်ကာ မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်၊

"ပုလဲမြို့နယ်ထဲမှာ အများဆုံးစစ်ကြောင်းထိုးနေတာက ခမရ ၇၀၄ တပ်ကထိုးတာ။ အခု ကန်ဒေါင့်ရဲစခန်းက ထွက်လာတဲ့တပ်ကို‌တော့ စုံစမ်းဆဲပေါ့။ ဒီစစ်ကြောင်းက ပုလဲမြို့နယ်ထဲရောက်တာ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက ရောက်တာ။ တိုက်ခိုက်ခံရပြီးနောက်မှာ ကန်ဒေါင့်ရဲစခန်းကို ပြန်ဝင်သွားတယ်" လို့ တာဝန်ခံ ကိုဥက္ကဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက် တပ်မတော် B.L.P.A၊ ပခုက္ကူခရိုင် တပ်ရင်း ၁၄၊ ပ.ခ.က တပ်ရင်း ၁၅ နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #ကန်ဒေါင့်ရဲစခန်း #ခမရ၇၀၄ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10