အင်းတကော်၊ ဆယ်မိုင်ကုန်းမှာ မီနီထရပ်ကားက တွဲကားကိုဝင်တိုက်လို့ သားအဖ ၃ ဦးသေဆုံး

အင်းတကော်၊ ဆယ်မိုင်ကုန်းမှာ မီနီထရပ်ကားက တွဲကားကိုဝင်တိုက်လို့ သားအဖ ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရန်ကုန်-ပဲခူးလမ်း၊ ဘူးလယ်အင်းကျေးရွာအနီး ဆယ်မိုင်ကုန်းအဆင်းမှာ မီနီထရပ်(Mini Truck)ကားနဲ့ ကုန်တင်တွဲကားတိုက်မိလို့  သားအဖ ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၂ ရက် မနေ့မနက် ၁၁ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ ပဲခူးဘက်ကို မောင်းနှင်လာတဲ့ Honda Acty အမျိုးအစား  Mini truck ကားဟာ အခင်းဖြစ်နေရာမှာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဥ်ကြောကိုရောက်သွားပြီး ကိုရဲလင်းအောင် မောင်းနှင်လာတဲ့ ၂၂ ဘီးကုန်တင်တွဲကားကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"အရှိန်များတော့ လမ်းလယ်ကျွန်းတောင်ကျော်ပြီး တွဲကားကို သွားတိုက်မိတာ။ ကားခေါင်းထဲမှာလည်း သူတို့သားအဖ ၃ ဦးပဲပါတာ"လို့ အင်းတကော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် မီနီထရပ်ကားမောင်းနှင်သူ လှိုင်သာယာမြို့နယ်နေ ဦးမျိုးဇော်ဦး အသက် ၄၇ နှစ်နဲ့ ယာဉ်ပေါ်ပါ သားဖြစ်သူ မောင်အောင်ခန့်ကို အသက် ၁၇ နှစ်၊ သမီးဖြစ်သူ မဆုလဲ့ရတီ အသက် ၁၂ နှစ် တို့ ၃ ဦးဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့သူ ၃ ဦးရဲ့အလောင်းတွေကိုတော့  ဒေသခံလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းကလည်း ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ဘိလပ်မြေဖျော်ယာဥ်နဲ့တွဲကားတိုက်မိပြီး တွဲကားမီးလောင်လို့ ကျပ်သိန်း ၅၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အင်းတကော် #ယာဉ်တိုက်မှု #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10