အင်းတော်က ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးနဲ့ ABSDF ရဲဘော် ၁ ဦးသေဆုံး

အင်းတော်က ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးနဲ့ ABSDF ရဲဘော် ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် ABSDF တို့ သြဂုတ် ၂၇ ရက်နဲ့  ၂၈ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၇ ရက်က နန့်သာရွာမှာ တပ်စွဲထားတဲ့ တပ်မ ၇၇ စစ်ကြောင်းဟာ အင်အား ၆၀ ဝန်းကျင်နဲ့ မော်တိတ်ဘက်ကို ထွက်ချိန် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“စစ်ကောင်စီဘက်က ပထမဆုံးနေ့မှာ အင်းတော်ကို သေတဲ့ ၂ ယောက်ပို့တယ်။ မနေ့(သြဂုတ် ၂၈)ကတော့ အနည်းဆုံး ၆ ယောက်လောက်သေတယ်၊ ဒဏ်ရာရတွေလည်း အများကြီးပဲ၊ မိုင်းတွေလည်း မိထားတာ၊ ကိုယ့်ဘက်ကျတာက ရန်သူရဲ့ ရှေ့ပွိုင့်တွေက အများကြီးကျတော့ လက်နက် သွားကောက်တာမှာ နောက်က ငါးကြင်းမြီး (စက်လတ်)နဲ့ ဆွဲလို့ ထိသွားတာ။”လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူတဦး ပါဝင်တယ်လို့ သိရပြီး သြဂုတ် ၂၇ ရက်က သေဆုံးတဲ့ တပ်သား ၂ ဦးကိုတော့ အင်းတော်နယ်ရှိ စစ်တပ်ကုန်းကို အလောင်းပြန်ပို့ကာ မနေ့က တိုက်ပွဲမှာ သေဆုံးတဲ့သူတွေကိုတော့ မော်တိတ်ရွာထဲကိုပဲ ကားနဲ့ သယ်သွားတယ်လို့ သိရပါတယ်။

ABSDF ဘက်ကလည်း ရဲဘော်တဦး စက်လတ်ထိမှန်ကာ သေဆုံးခဲ့ပြီး တဦးကတော့ လက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာရထားကာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အခုလက်ရှိ စစ်ကောင်စီတပ်တွေဟာ မော်တိတ်ရွာထဲမှာ တပ်စွဲထားပြီး မော်တိတ်၊ ရွာသာယာ၊ အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်စင်၊ ကျွန်းတော စတဲ့ကျေးရွာက ပြည်သူ ၅၀၀၀ ကျော်လည်း စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

အင်းတော်နယ်တဝိုက်ကို စစ်ကြောင်းထိုးနေကျ ခမရ ၄၁၆ တပ်ကတော့ မနေ့ကပဲ ထီးချိုင့်နယ်ဘက်ကို ရောက်သွားကာ စစ်ကြောင်းဝင်ဝင်ချင်း ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူတဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း လက်နက်နဲ့ လစာသွားယူတဲ့ ၁၂ ဘီးယာဉ် ၂ စီးကို KIA၊ KPDF၊ ABSDF ပူးပေါင်းအဖွဲ့က ၉ မိုင် ကျောက်ခွဲစက်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #မော်တိတ် #စစ်ကောင်စီ #ABSDF #ထိခိုက်သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10