အင်းတော်က CDM ကျောင်းဆရာမတဦးအပါ ၃ ဦးကို ထောင်တသက်တကျွန်းချမှတ်

အင်းတော်က CDM ကျောင်းဆရာမတဦးအပါ ၃ ဦးကို ထောင်တသက်တကျွန်းချမှတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်က CDM ကျောင်းဆရာမတဦးနဲ့ စျေးသည်အမျိုးသမီး ၂ ဦးတို့ကို စစ်ကောင်စီက ဧပြီလ ၄ ရက်နေ့မှာ ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်လိုက်တယ်လို့ IR တာဝန်ရှိက ပြောပါတယ်။

အဆိုပါအမျိုးသမီး ၃ ဦးမှာ PDF ကိုထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းတော်မြို့ စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၅၀ (ည)၊ ၅၂ (က)နဲ့ ထောင်တသက်တကျွန်း ချမှတ်လိုက်တာ ဖြစ်တယ်လို့ Indaw Revolution-IR မှ တာဝန်ခံက ပြောပါတယ်။


"ကျောင်းဆရာမကတော့ အလယ်တန်းပြပါ။ ကျန်တဲ့ ၂ ယောက်ကတော့ စျေးထဲမှာ ကုန်စုံ ဆိုင်ရောင်းကြတာ။ မြို့ပေါ်မှာ မိုင်းမတော်တဆပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ပကဖ ၂ ယောက် အဖမ်းခံရတာနဲ့ဆက်စပ်ပြီးတော့ ဒီ ၃ ယောက်ရယ်၊ တခြားသူတွေရယ် စုစုပေါင်း ၂၀ လောက်ရှိတယ် အဖမ်းခံရတာ။ အဲဒီအထဲမှာ တခြားသူတွေက ခံဝန်နဲ့လွတ်ခဲ့တယ်။ဒီ ၃ ယောက်ကတော့ မလွတ်ခဲ့ဘဲမနေ့က ထောင်ချခံရတာ" လို့ ဆိုပါတယ်။

အမျိုးသမီး ၃ ဦးမှာ အသက် ၄၀ ကျော်အရွယ်ရှိကြတဲ့ CDM ဆရာမ ဒေါ်သိန်းလှနဲ့ ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်း၊ ဒေါ်အေးအေးတို့ဖြစ်ပြီး မတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

"အဖမ်းခံထားရတဲ့ ပကဖ ၂ ယောက်ကတော့ ကသာထောင်ကို ပြောင်းလိုက်တယ်လို့သိထားရတယ်။ ထောင်ဒဏ်တော့ မချမှတ်သေးဘူး" လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

အလားတူ ဧပြီလ ၃ ရက်နေ့မှာလည်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာကအသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းနဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကန်းနီကျေးရွာက ကိုမင်းမင်းဦး ၂၇ နှစ် တို့ကိုလည်း အင်းတော်စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးနယ်မြေ အဖြစ် သတ်မှတ်ခံထားရတဲ့ အင်းတော်တမြို့တည်းမှာ ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်ခံထားရသူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား၂ ဦး စုစုပေါင်း ၅ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10