အင်းတော်နယ်က စစ်ရှောင်တွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး စစ်တပ်ကခြိမ်းခြောက်ပြန်ခေါ်နေ

အင်းတော်နယ်က စစ်ရှောင်တွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး စစ်တပ်ကခြိမ်းခြောက်ပြန်ခေါ်နေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မြို့ပေါ်တိုက်ပွဲဖြစ်မယ့်သတင်းတွေကြောင့် နေရပ်ကတိမ်းရှောင် ထွက်ပြေးနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီက ပြန်မလာရင် နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြန်ခေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ပေါ်ရပ်ကွက်ကြီးတွေဖြစ်တဲ့ အောင်ချမ်းသာ၊ အောင်မင်္ဂလာ၊ အောင်မေတ္တာ၊ အောင်ဇေယျ အပါအဝင် မြို့အနီးနားက စင့်ဟောက်၊ နန်းကင်၊ နားခါ၊ နားနောင်၊ အင်းရွာ၊ ကြာအင်း၊ ကျော်ရွာ၊ လက်ပံကုန်း၊ လယ်ပြင် စတဲ့ကျေးရွာတွေက ပြည်သူအများစုဟာ သြဂုတ်လပထမပတ်က စတင်တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။ 

“ပစ္စည်းတွေသယ်ပြီးတော့ ရှောင်ရင်း (စကစ)ဂိတ်မှာမိတယ်ဆိုရင် ဖမ်းပြီးတော့ မပြေးရဘူးပေါ့။ ဈေးဆိုင်ပြန်ဖွင့်ပြီး ဈေးပြန်ရောင်းခိုင်းတယ်။ ဆိုင်ပိတ်တယ်ဆို ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ စစ်တပ်ဂိတ်မှာ မိတဲ့ဟာတွေဆို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ဖွင့်ထားရတယ်။”လို့ တိမ်းရှောင်ခဲ့တဲ့ ဈေးဆိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။ 

အိမ်လုံးကျွတ်စစ်ရှောင်တဲ့ ပြည်သူတွေကိုလည်း နေရပ်ပြန်မလာရင် ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်ကာ ပြန်ခေါ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

“မြို့ပေါ်မှာ မရှိတော့ဘူး ထွက်နေပြီ။ အိမ်စောင့်လောက်ပဲ ကျန်တော့တယ်။ တော်တော်များများက ရှောင်နေကြပြီဆိုတော့ ရှောင်တဲ့အိမ်တွေချိပ်ပိတ်မယ်ပြောပြီး ပိတ်တာတွေလုပ်တယ်။ နောက်ပြီး ဆေးသမားတွေကိုလည်း  ကြိုက်တဲ့အိမ်ဝင်ခိုးဆိုပြီး သူတို့(စကစ)ပြောတာတွေရှိတယ်။”လို့ အင်းတော်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာကြောင့် အဆက်သွယ်ရရှိဖို့ခက်ခဲနေပြီး နေအိမ်ချိပ်ပိတ်ခံရတဲ့ အခြေအနေ အသေးစိတ်ကတော့ မြေလတ်အသံအနေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေသခံအများစုကတော့ အင်းတော်၊ မော်လူး၊ ထီးချိုင့်၊ ဗန်းမောက်၊ ကောလင်း စတဲ့ မြို့နယ်ချင်းထိစပ်နေရာတွေက ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေတွေဘက်ကို ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့ပေါ်ရဲစခန်းနဲ့ စစ်တပ်ကုန်းမှာ စစ်ကောင်စီအင်အား ၂၀၀ ကျော််ရှိပြီး စစ်ကောင်စီ စစ်တပ်ကုန်းဟာ ဂျပန်မြေအောက်ဆေးရုံရှိရာနေရာမှာ တပ်စွဲထားတာ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #စစ်ရှောင် #စစ်ကောင်စီ #အိမ်ချိပ်ပိတ် #ခြိမ်းခြောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10