အင်းတော်နယ် တိုက်ပွဲ စစ်ကောင်စီဘက်က ၁၅ဦးခန့် သေဆုံးပြီး PDFဘက်ကလည်း ဒဏ်ရာရသူများရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနောက်မြောက်ဘက် ၁၂ မိုင်အကွာက ရွာသာယာရွာအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အတွက် လေကြောင်းနဲ့ ဗုံးကြဲလို့ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

မေလ ၂၂ ရက်နေ့မှာ ဗန်းမောက်ဘက်ကို စစ်ကူသွားမယ့် အင်အား ၁၇၀ ကျော်ပါတဲ့ တပ်မ ၇၇၊ ခမရ ၄၁၆ ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မေလ ၂၃ ရက်နေ့မှာတော့ ရင်ဆိုင်တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီဘက်က အထိနာလာတဲ့အတွက် နေ့လည် ၁၁ နာရီလောက်မှာ မြစ်ကြီးနားကနေ ဂျက်ဖိုက်တာ ၃ စီးတက်လာပြီး လေကြောင်းပစ်ကူပေးလာခဲ့တယ်လို့ ABSDF ကျောင်းသားတပ်မတော်ရဲ့ ထောက်လှမ်းရေး တာဝန်ခံ ကိုစောက ပြောပါတယ်။


စစ်ကောင်စီဘက်က လေယာဉ် ၃ စီးနဲ့ ဝဲကာ ဗုံး ၈လုံးကြဲချခဲ့တဲ့အပြင် လေယာဉ်ပေါ်ကနေ စက်လတ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ရွာသာယာရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန်အတွင်း အင်းတော် လက်နက်ကြီးကုန်းကနေ ၁၂၀ မမတွေနဲ့ တောက်လျှောက်ပစ်ကူပေးနေခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲကို ကူညီဖို့အတွက် အနီးနားမှာ သွားရောက်နေရာယူပေးနေတဲ့ အင်းတော် PDF ရဲဘော် ၂ဦးကတော့ လေကြောင်းကပစ်တဲ့ ဗုံးစထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ Indaw Revolution - IR ရဲ့ ရဲဘော်တဦးက ဆိုပါတယ်။

၂ ရက်တာ တိုက်ပွဲအတွင်း ABSDFကျောင်းသားတပ်မတော်က ရဲဘော်၂ ဦး၊ အင်းတော် PDFက ရဲဘော် ၂ ဦး ဒဏ်ရာရခဲ့ပြီး အခုလက်ရှိမှာတော့ ကုသမှုတွေလုပ်ပြီးလို့ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ABSDF ကျောင်းသားတပ်မတော်က ဦးဆောင်တိုက်ခိုက်ခဲ့ပြီး နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ #အင်းတော် #တိုက်ပွဲ #စစ်ကောင်စီ #ABSDF #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10