အင်းတော်နဲ့ဗန်းမောက်မှာ လေကြောင်းဗုံးကြဲလို့ အဖိုး၊အဖွား ၃ ဦးသေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ ပျက်စီး

အင်းတော်နဲ့ဗန်းမောက်မှာ လေကြောင်းဗုံးကြဲလို့ အဖိုး၊အဖွား ၃ ဦးသေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ ပျက်စီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်မှာ မေလတတိယပတ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတာကြောင့် အသက်အရွယ်ကြီးသူ ၃ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မေလ ၂၀ ရက်ကနေ ၂၄ ရက်အထိ ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများတာကြောင့် လေကြောင်းအကူဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာမှ ထွက်မပြေးနိုင်ဘဲ ရွာမှာကျန်ခဲ့တဲ့ အသက် ၆၀ ဝန်းကျင် အဖိုး၊အဖွား ၂ ဦး သေဆုံးခဲ့ရတာပါ။

အလားတူ အင်းတော်မြို့နယ်မှာလည်း မေလ ၂၂ ရက်ကနေ ၂၅ ရက်အထိ တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက်အရမ်းများနေတာအကြောင့် လေယာဉ်ဖြင့် ဗုံး ၂၆ လုံး ကြဲချခဲ့လို့ အင်းတော်မြို့နယ်၊ ကျွန်းတောရွာက အသက် ၉၀ အရွယ် အဖွားတဦးသေဆုံးခဲ့ပြီး ကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အများအပြား ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“အဲ့ဒီအဖွားက ဘုန်းကြီးကျောင်းမှာ သွားရှောင်နေတာ၊ လေယာဉ်က အဲ့ကိုကျဲတော့ ဗုံးအားနဲ့ လေဟပ်ပြီး နှလုံးရပ်သေတယ်လို့ သိရတယ်၊ အလောင်းက အခုထိဘုန်းကြီးကျောင်းထဲမှာပဲ ဘာမှလုပ်လို့မရသေးဘူး”လို့  ဒေသခံတဦးက ပြောပါတယ်။

အင်းတော်၊ ကျွန်းတောရွာက သေဆုံးသွားတဲ့အဖွားဟာ ဒေါ်မိသိန်း အသက် ၉၃ နှစ်အရွယ်ဖြစ်ပါတယ်။ 

“‌အင်းတော်ကိုက တကြိမ်ကို ၂ လုံးနဲ့ မနက်က  ၈ ကြိမ်၊ ညနေပိုင်းမှာ ၅ ကြိမ်၊ ဗန်းမောက်ကကျ ဗုံးကြီး ၂လုံးကြဲတယ်၊ လေကြောင်းပစ်ချိန် အဖိုးအဖွားတွေ အိမ်ပေါ်ကိုကျတာ၊ ရွာတွေက အကုန်ရှောင်ပေမယ့် မပြေးနိုင်တဲ့ အသက်ကြီးပိုင်းတွေ ကျန်ခဲ့တာ”လို့ Indaw Revolution - IR ရဲဘော်တဦးက ဆက်ပြောပါတယ်။

မေလ ၂၅ ရက် မနေ့ကတနေ့တည်း အင်းတော်ဘက်ကို မနက် ၁၀ နာရီနဲ့ ညနေ ၃ နာရီခွဲမှာ ဗုံးကြဲခဲ့ပြီး ဗန်းမောက်ကိုတော့ ည ၉ နာရီခွဲမှာ လေကြောင်းပစ်ကူ သုံးခဲ့တာဖြစ်တယ်လို့ Indaw Revolution - IR ရဲဘော်တဦးက ပြောပါတယ်။

ဗန်းမောက်မှာလည်း မေလ ၂၀ ရက်ကနေ ၂၄ ရက်ထိ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦး အပါအဝင် ၃၀ နီးပါးသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းမိထားတယ်လို့ သိရပါတယ်။

အဆိုပါ ဗန်းမောက်တိုက်ပွဲကို စစ်ကူသွားမယ့် အင်းတော်စစ်ကြောင်းဟာလည်း မေလ ၂၂ ရက်နေ့ကတည်းက အင်းတော်မြို့နယ်၊ ရွာသာယာရွာနားမှာ တိုက်ပွဲစတင်ဖြစ်ပွားနေပြီး ဒီနေ့အထိ အင်းတော်ထဲမှာပဲ ပိတ်မိနေသေးတဲ့အတွက် စစ်ကောင်စီက ၂ မြို့နယ်လုံးကို လေကြောင်းပစ်ကူတွေ သုံးနေတာဖြစ်တယ်လို့ အင်းတော်ရဲဘော်တဦးက ဆိုပါတယ်။

တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ မေလ ၂၀ ရက်ကနေ ၂၅ ရက်ထိ ၅ ရက်တာကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၃ ရက်ပစ်ကူပေးခဲ့ပြီး ရဲဘော် ၉ ဦး ဗုံးစထိမှန်ထားကာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

ပုံစာ - မေလ၂၃ ရက်က လေကြောင်းနဲ့ဗုံးကြဲလို့ ထိမှန်ပျက်စီးခဲ့တဲ့ ရွာသာယာရွာ ဘုန်းကြီးကျောင်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ဗန်းမောက် #အင်းတော် #လေကြောင်းဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10