အင်းတော်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံး

အင်းတော်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၂ ရက် ည ၉နာရီဝန်းကျင်က စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်က ကျေးရွာမှာရှိတဲ့ ပြည်သူတွေကို ရွာပြင်မထွက်ခိုင်းဘဲ ဘုန်းကြီးကျောင်းထဲမှာ နေခိုင်းခဲ့ပြီး ည ၁၂ နာရီဝန်းကျင် လေကြောင်းနဲ့ ဗုံးကြဲချိန်မှာတော့ အဆိုပါ ဘုန်းကြီးကျောင်းပေါ်ကို ဗုံးကျကာ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

နန့်သာရွာမှာ အပေါ်ကျောင်းနဲ့ အောက်ကျောင်းဆိုပြီး ဘုန်းကြီးကျောင်း ၂ ခုရှိရာ အောက်ကျောင်းမှာတော့ စစ်ကောင်စီတပ်တွေက အင်အား ၃၀ ဝန်းကျင်နဲ့ ကတုတ်ကျင်း၊ ဘန်ကာတွေတည်ဆောက်ပြီး တပ်စွဲထားတာလည်း ဖြစ်ပါတယ်။

“ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချသွားတာ၊ PDFတွေရှိတဲ့နေရာကိုကြဲတာကို မှားပြီးတော့ စစ်တပ်အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကြဲမိတာ။ အဲ့မှာ ပြည်သူတွေပါ သေသွားတာ။ သေတဲ့သူ တော်တော်များများက မိသားစုဝင်တွေ များတယ်။” လို့ Indaw Revolution-IRအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုကိုတော့ သေချာမသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲလို့ ဒေါ်ကျင်စော ၇၅နှစ်၊ မပို ၄၀နှစ်၊ ဦးသန်းစိန် ၅၅နှစ်၊ ဦးအုန်းကျော် ၆၀နှစ်၊ ဦးပိန်သေး ၅၉ နှစ်၊ ဒေါ်မနှင်း ၆၂ နှစ်၊ မကြူကြူသင်း ၄၅ နှစ်၊ ကိုတင်စိုး ၄၂ နှစ်၊ ဒေါ်တင်အေး ၅၂ နှစ်၊ မစန္ဒာလင်း ၃၂ နှစ်၊ မသူဇာမော် ၃၄ နှစ်၊ ကိုကျော်မျိုး ၃၇ နှစ်၊ မခင်စံပယ်ဦး ၃၀ နှစ်၊ သားဖြစ်သူ ၅ နှစ်ကလေးငယ်၊ ဒေါ်ဂျမ်းပုံ ၈၀ နှစ်၊ သမီးဖြစ်သူ အသက် ၆၀ အရွယ် အမျိုးသမီးတဦး၊ အသက် ၄၀ ဝန်းကျင် ဘုန်းကြီးတပါး(လူအမည် ဝင်းဇော်)တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် လေကြောင်းကြဲချိန် ပြည်သူ ၈ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီက အခုချိန်ထိ ပြည်သူ ၂၀ ဝန်းကျင်ကိုလည်း လွှတ်မပေးဘဲ လူသားဒိုင်းအနေနဲ့ အဆိုပါ ဘုန်းကြီးကျောင်းမှာပဲ ဆက်လက်ဖမ်းထားသေးတယ်လို့ သိရပါတယ်။

လေယာဉ်ဗုံးဒဏ်ကြောင့် သေဆုံးနဲ့ ဒဏ်ရာရ ပြည်သူတွေဟာ နန့်သာရွာရဲ့ ဘုန်းကြီးကျောင်း (အောက်ကျောင်း)မှာပဲ ရှိနေသေးပြီး ဒဏ်ရာရပြည်သူတွေကလည်း ဆေးကုသခွင့် မရရှိထားလို့ သေဆုံးဦးရေက ထပ်တိုးလာနိုင်သေးတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ၂ လပိုင်းထဲက အောင်းကုန်း၊ နန့်သာ စတဲ့ရွာတွေမှာ စစ်ကောင်စီက အထိုင်ချ တပ်စွဲထားတဲ့အတွက် အောင်းကုန်း၊ နန့်သာ၊ မော်တိတ်၊ ရွာသာရွာ၊ အင်ပင် စတဲ့ ရွာ ၅ ရွာက ပြည်သူ ၅၀၀၀ ကျော်က စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အစုလိုက် သေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း ပြည်သူ ၁၀၆ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။

ပုံစာ - ၂၀၂၃ စက်တင်ဘာ ၁၅ ရက်မှာ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့ #နန့်သာကျေးရွာ #စစ်ကောင်စီ #လေယာဉ် #ဗုံးကြဲ #ဘုန်းကြီး #ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10