အင်းတော်မှာ PDF နဲ့ ဆက်စပ်ဆိုသူ ၂ ဦး ထောင်တကျွန်းချ၊ တသက်တကျွန်းကျသူ ၇ ဦးအထိရှိလာ

အင်းတော်မှာ PDF နဲ့ ဆက်စပ်ဆိုသူ ၂ ဦး ထောင်တကျွန်းချ၊ တသက်တကျွန်းကျသူ ၇ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူတွေထဲက အမျိုးသား ၂ ဦးကို သြဂုတ်လ ၁၅ ရက်မှာ စစ်ကောင်စီတရားရုံးကနေ ထောင်ဒဏ်တသက် တကျွန်း ချမှတ်လိုက်တယ်လို့ Indaw Revolution - IR က ပြောပါတယ်။ 

ထောင်ချခံရသူ ၂ ဦးမှာ အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ဟင်းနုမြောက်ရွာက အောင်ဇော်ဦး(ခ)ဇော်ကြီးနဲ့ တောင်ကန်းနီးကျေးရွာက တင်မြင့် (ခ) အခြောက်တို့ဖြစ်ပြီး သူတို့ကို စစ်ကောင်စီလက်အောက်ခံ အင်းတော်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (ဂ)တို့နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အင်းတော်မှာက ဖမ်းဆီးခံရသူတွေများတော့ ဒီ ၂ ယောက်က ဘယ်နေ့၊ ဘယ်နေရာမှာ အဖမ်းခံရတယ်ဆိုတာ ကို မသိရဘူး။ စကစ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက တသက် တကျွန်းချဆိုပြီး တင်မှသိရတာ"လို့ Inwdaw Revolution - IRမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်း တော်မြို့အဝင်ဂိတ်ကို ဖြတ်သန်းသွားလာကြတဲ့ ဒေသခံပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကအစ ဖွင့်စစ်တာတွေကို အဓိကထားလုပ်ဆောင်နေတာကြောင့် သြဂုတ် ၁ ရက်ကနေ ၁၃ရက်အထိ ဖမ်းဆီးခံရသူအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး ၆ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သူက ဆိုပါတယ်။

အထက်ပါဖမ်းဆီးခံရသူ ၆ ဦးမှာ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာဖြစ်ပြီး လက်ရှိမှာ သူတို့ကို အင်းတော်မြို့အချုပ်ခန်းမှာဘဲ ထိန်းသိမ်းထားပြီး အမိန့်ချမှတ်မခံရသေးဘူးလို့ Indaw Revolution  IR မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။ 

အလားတူ ဧပြီလ ၃ ရက်မှာ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာက ကိုအေးမင်းထွန်း၊ ကန်းနီကျေးရွာက ကိုမင်းမင်းဦး နဲ့ ဧပြီလ ၄ ရက်မှာ  CDM ဆရာ ဒေါ်သိန်းလှ၊ ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်း၊ ဒေါ်အေးအေးတို့ကို အင်းတော်မြို့ စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၅၀ (ည)၊ ၅၂ (က) နဲ့ ထောင်တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။ 

စာတည်း - လင်းဇေ
#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့ #PDF #တကျွန်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10