အင်းတော်မှာ စစ်ကောင်စီက ထိုးစစ်ပြန်ဆင်လို့ ကာကင်းစခန်းတခု ပြန်ပေးလိုက်ရ

အင်းတော်မှာ စစ်ကောင်စီက ထိုးစစ်ပြန်ဆင်လို့ ကာကင်းစခန်းတခု ပြန်ပေးလိုက်ရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီက ဝေဟင်နဲ့မြေပြင်ပေါင်းကာ ပြန်ထိုးစစ်ဆင်နေတာကြောင့် တုံးပွမ်ကျေးရွာက စစ်ကောင်စီ ကာကင်းစခန်းကို လက်လွှတ်လိုက်ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တိုက်ပွဲတွေ ပြန်စခဲ့တဲ့ အခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ နောက်ပိုင်းမှာ တုံးပွမ်ရွာ ကာကင်းစခန်းအပါအဝင် စခန်းတချို့ကို ကာကွယ်ရေးတပ်တွေဘက်က သိမ်းနိုင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က ဝေဟင်နဲ့မြေပြင်ပေါင်းကာ တရက်ဆက် ထိုးစစ် ပြန်ဆင်ခဲ့တာကြောင့် စခန်းကို ပြန်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးဘက်တွေက ရထားတဲ့ ကာကင်းစခန်းတွေကို ပြန်ပြီးတော့ စစ်ကြောင်းထိုးတာပေါ့၊ လေကြောင်းပစ်ကူတွေနဲ့ပါ စစ်ကြောင်းထိုးတယ်၊ နေ့လည်ပိုင်းလောက်မှာတော့ တိုက်ပွဲပြင်းထန်တာပေါ့နော်၊ နေ့လယ် ၁၂ နာရီ ၈ မိနစ်မှာ လေကြောင်းတွေနဲ့ ကြဲတယ်၊ အဲ့အတွက် တော်လှန်ရေးဘက်ကတွေလည်း ထိခိုက်တာတွေရှိတယ်။”လို့ တပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တုံးပွမ်ရွာစခန်းကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၃ ဦးသေဆုံးပြီး ၄၀ မမလောင်ချာ ၁ လက်၊ စက်လတ် ၁ လက်၊ MA-2 ၁ လက်၊ Type-81 ၆ လက် စုစုပေါင်း လက်နက် ၉ လက်ရတယ်လို့ ပြောဆိုနေကြပါတယ်။

ကာကွယ်ရေးတပ်တွေဘက်ကတော့  အဲ့ဒီနေ့တိုက်ပွဲမှာ ကျဆုံးမှု မရှိခဲ့ဘဲ အသေးစားထိခိုက်မှုတွေသာရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဖေဖော်ဝါရီ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း လေကြောင်းနဲ့ ခဲယမ်းရိက္ခာဖြည့်တင်းတာတွေလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ လေကြောင်းကနေ မီးလောင်ဗုံးတွေ ကြဲချခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဂျပန်လှိုဏ်ဂူလို့ခေါ်တဲ့ စစ်တပ်ကုန်းနဲ့ မြို့မဘုန်းကြီးကျောင်းထဲက လျောင်းတော်မူဘုရားကုန်းမှာ အခိုင်အမာတပ်စွဲထားပြီး အဲ့ဒီတဝိုက်က နေရာတချို့မှာလည်း ကာကင်းစခန်းတွေထားရှိကာ တုံးပွမ်ရွာကလည်း ကာကင်းစခန်းတွေထဲက တခုဖြစ်ပါတယ်။

အင်းတော်မြို့ဟာ မန္တလေး-မြစ်ကြီးနား မီးရထားလမ်း၊  ရွှေဘို-မြစ်ကြီးနား ကားလမ်းတွေပေါ်မှာ တည်ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသလို နယ်မြေပိုင်းအရလည်း အရှေ့ဘက်မှာ ကသာ၊ တောင်ဘက်မှာ ထီးချိုင့်၊ အနောက်ဘက်မှာ ဝန်းသိုနဲ့ ဗန်းမောက်မြို့နယ်၊ မြောက်ဘက်မှာတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတာပါ။

အင်းတော်မြို့ကို KIA၊ ABSDF၊ PDFနဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၄ သြဂုတ် ၁၆ ရက်ကတည်းက စတင်ထိုးစစ်ဆင်နေကြတာဖြစ်ပြီး တိုက်ပွဲကာလတလျှောက် ၂ ဖက်ကျဆုံးမှုတွေရှိထားတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၀ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။

ပုံစာ - အင်းတော် မြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသည့် စစ်ကောင်စီစခန်းတခု(ပုံဟောင်း)

#မြေလတ်အသံ 

#အင်းတော် #တိုက်ပွဲ #စစ်ကောင်စီ #မြို့သိမ်း #လေကြောင်း #လက်နက်ကြီး #ပြည်သူ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10