အင်းတော်မှာ စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့်သေဆုံးဟုဆို
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နဲ့ ကသာမြို့ကြားက လမ်းပိုင်းတနေရာမှာ လုံခြုံရေးယူပေးနေတဲ့ ခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းတွေကို KIA၊ KPDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေ များခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၀ ရက်မနက် ၉ နာရီခွဲက အင်အား ၁၀၀ လောက်ရှိတဲ့ ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး၊ မတ်လ ၂၁ ရက် ညနေပိုင်းမှာတော့ ကား ၃၅ စီးပါတဲ့ ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အင်းတော် PDF ရဲဘော်တဦးက ပြောပါတယ်။
“လက်နက်သွားယူမယ့်အချိန်မှာ *တွေဘက်က အင်အားအလုံးအရင်းနဲ့တက်လာလို့ ပြန်နောက်ဆုတ်ခဲ့ရတာ။ တိုက်တဲ့ချိန်မှာတော့ ၄၊ ၅ ယောက်က လဲကျသွားတာ မြင်တာပေါ့။ တချို့ဒဏ်ရာရတဲ့ *တွေဆို ငါ့ကိုကယ်ပါဦးဆိုပြီး လှမ်းအော်နေတဲ့အသံတွေ ကြားနေရတယ်" လို့ ပြောပါတယ်။
၂ ရက်တိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ပြီး၊ သေဆုံးဒဏ်ရာရ စစ်သားတွေကိုတော့ ကသာမြို့အခြေစိုက် ၃၀၉ ခြေမြန်တပ်ရင်းထဲကို သယ်သွားကာ တပ်ထဲမှာပဲ သင်္ဂြုလ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒီသေဆုံးမှု အရေအတွက်နဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါယာဉ်တန်းဟာ ဗန်းမောက်ဘက်ကို ရိက္ခာပို့ပြီးနောက် အင်းတော်ကိုဝင်ကာ ကသာ၊ ထီးချိုင့်ဘက်ကို ပြန်ထွက်ခွာသွားချိန် ခုလိုတိုက်ခိုက်ခံရတာဖြစ်တယ်လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း မော်လူး-နန့်စီးအောင်လမ်းပိုင်းနဲ့ မော်လူး-အင်းတော်လမ်းပိုင်းမှာ စစ်ကောင်စီကား ၃ စီး မိုင်းဆွဲခံရတာကြောင့် တစီးပျက်စီးပြီး စစ်သားသေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - မတ်လ ၂၀ ရက်ညနေပိုင်းက အင်းတော်ဘောလုံးကွင်းထဲမှာ ရောက်ရှိနေသည့် စစ်ကောင်စီရိက္ခာကားတန်း။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share