အင်းတော်မှာ စစ်တပ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ ဝန်းကျင်အနက် ၃၀၀ ကျော်လွတ်မြောက်လာပြီး သေဆုံးသူ ၄ ဦးအထိရှိ

အင်းတော်မှာ စစ်တပ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ ဝန်းကျင်အနက် ၃၀၀ ကျော်လွတ်မြောက်လာပြီး သေဆုံးသူ ၄ ဦးအထိရှိ

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ မြို့မဘုန်းကြီးကျောင်းဝန်းအတွင်းမှာ စစ်ကောင်စီကလူသားဒိုင်းအဖြစ် ပိတ်ဆို့ထားတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀ ဝန်း ကျင်ထဲက  ၃၀၀ ကျော် လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပိတ်မိနေသူတွေ စစ်ပွဲလွတ်ရာအရပ်ကို သွားခွင့်ပြုပေးဖို့ အင်းတော်မြို့နယ်သံဃနာယကအဖွဲ့က စက် တင်ဘာ ၇ ရက် ရက်စွဲနဲ့ မေတ္တာရပ်ခံထားတဲ့စာတွေကို ကာကွယ်ရေးတပ်တွေက ဘုန်းကြီးကျောင်းဝန်းအတွင်း ဒရုန်းနဲ့ ကြဲချခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၁၇ ရက် မနေ့မနက်ပိုင်းမှာ အဆိုပါ လူ ၃၀၀ ကျော်ဟာ စတင်ထွက်ခွာလာကြတာလို့ ဆိုပါတယ်။

“အဲ့မှာရှိနေတဲ့သူ တော်တော်များများကလည်း စိတ်တွေက ပုံမှန်မဟုတ်တဲ့ ပုံစံမျိုးတွေ ဖြစ်တာပေါ့။ နေ့နေ့ညည လက်နက်ကြီးသံတွေ ကြားရတယ်၊ ဈေးတွေ သူတို့အိမ်တွေ မီးလောင်တာတွေ ကိုယ်တိုင် ကိုယ်ကျ မြင်နေရတယ်။ အဲ့နေရာက ကုန်းဆိုတော့ ဘယ်သူမဆိုမြင်ရတယ်။ မြို့က အောက်ချိုင့်မှာ။”လို့ လွတ်မြောက်လာသူတဦးက မြေလတ်အသံကို  ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဖမ်း‌ဆီးထားစဥ်အတွင်း အသက်၂၆ နှစ်အရွယ်နဲ့ အသက်၂၈ နှစ်အရွယ် အမျိုး သမီး ၂ ဦး၊ အသက် ၂၀ အရွယ်နဲ့ အသက် ၃၀ အရွယ် အမျိုးသား၂ ဦး စုစုပေါင်း ၄ ဦး လက်နက်ကြီးထိမှန် သေဆုံးထားတယ်လို့ သိရပါတယ်။

“ကိုရင်လေးတွေလည်း လက်နက်ကြီးထိတယ်။၊ သေဆုံးတာကတော့ သူတို့ဖမ်းထားတဲ့ အတောတွင်း ၄ ယောက်ပေါ့။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီထံမှာတော့ လက်ရှိ ၄၀၀ ကျော်လောက် ကျန်ရှိနေဆဲဖြစ်ကာ အများစုက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၆ ရက် အင်းတော်မြို့သိမ်းတိုက်ပွဲစတင်ချိန်မှာ ပြည်သူတွေက မြို့မဘုန်းကြီးကျောင်းထဲက ဘိုးဘွားရိပ်သာ၊ သရက်ကျောင်းဆောင်၊ အင်းတော်မြို့မပရိယတ္တိစာသင်တိုက် စတဲ့နေရာတွေကို ပြည်သူ ၁၀၀၀ ကျော်လောက် လာရောက်စစ်ဘေးရှောင်နေကြတာပါ။

ဩဂုတ် ၂၄ ရက်နေ့ ရဲစခန်းသိမ်းပိုက်ခံခဲ့ရပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေတိမ်းရှောင်နေတဲ့ ဘုန်းကြီးကျောင်းဆောင်တွေဆီ ရောက်ရှိလာကာ အဲ့ဒီစစ်ရှောင်ပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားပြီး လူသားဒိုင်းအနေနဲ့ အသုံးချခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #စစ်ရှောင် #လူသားဒိုင်း #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10