အင်းတော်မှာ တိုက်ပွဲပြင်းထန် စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်    ■  လက်နက်ကြီးမှန်လို့ ပြည်သူ တဦး သေဆုံးထား

အင်းတော်မှာ တိုက်ပွဲပြင်းထန် စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက် ■  လက်နက်ကြီးမှန်လို့ ပြည်သူ တဦး သေဆုံးထား

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၇ရက် ဒီကနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းမှာ သေနတ်ပစ်ခတ်သံတွေ၊ လက်နက်ကြီးသံတွေ စတင်ကြားနေရတာဖြစ်ပြီး မနက် ၉ နာရီကျော်မှာတော့ Y12 ၁ စီး၊ ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားကာ ထိခိုက်မှု အခြေအနေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“ဘယ်နှစ်လုံးကြဲတာလဲတော့ မသိသေးဘူး Y12 ကြဲသွားတယ်၊ နောက်ပြီးတော့ မိတ္ထီလာကနေတက်တဲ့ ဂျက်ဖိုက်တာ ၁ စီးကကျတော့ မိတ္ထီလာကနေ တက်ပေမယ့်လည်း မော်လူးဘက်ကို ကွေ့ဝိုက်ပြီးတော့ မြောက်ဘက်ကနေဆင်းခဲ့သယောင် ကွေ့ဝိုက်ပြီးတော့ အင်းတော်ဘက်ကိုကြဲသွားတာ။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းတော်မြို့နယ်ထဲက ဂျပန်လှိုဏ်ဂူလို့ခေါ်တဲ့ စစ်တပ်ကုန်းမှာ အခိုင်အမာခံစစ်ပြင်ထားတာဖြစ်ပြီး အဲ့ဒီနေရာဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ နောက်ဆုံးလက်ကျန် ခံစစ်ကုန်းလည်း ဖြစ်ပါတယ်။

တိုက်ပွဲမစတင်ခင် ဇန်နဝါရီ ၂၆ ရက် မနေ့ည ၈ နာရီခန့်ကလည်း စစ်တပ်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဟောင်ဝှစ်စာနဲ့ ပစ်ခတ်ခဲ့တာကြောင့် နားရခေါင်ရွာရဲ့ ကားလမ်းဘေးကို ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး အစထိမှန်လို့ နားရခေါင်ရွာက မခင်မာဖြိုး အသက် ၃၀ နှစ် သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်ဝန်းကျင်ရှိ သေဆုံးသူရဲ့ ခင်ပွန်းကတော့ ခြေထောက် ၁ ဖက် ပြတ်တောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ သြဂုတ် ၁၆ ရက်ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ၂ ဖက်  ထိခိုက်ကျဆုံးမှုတွေရှိနေကာ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားရွာအဝင် ဂိတ်စခန်း၊ နဘားဘုန်းကြီးကျောင်းက စစ်ကောင်စီစခန်းနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်ထားတာပါ။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် - KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလ ၅ လအတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀ ဦး ကျော်သေဆုံးထားပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့လည်း မြို့မဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပထမအကြိမ် မြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသည့် အင်းတော်မြို့။ (ပုံဟောင်း)

#မြေလတ်အသံ 

#အင်းတော် #တိုက်ပွဲ #စစ်ကောင်စီ #မြို့သိမ်း #လေကြောင်း #လက်နက်ကြီး #ပြည်သူ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10