အင်းတော်မှာ လေယာဉ်က ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

အင်းတော်မှာ လေယာဉ်က ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီကျော်အချိန် လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်မြို့နဲ့ ၆ မိုင်ခန့်ဝေးတဲ့ မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်က နဘားလမ်းဆုံရှိ စော်မော်ချောင်းနေရာက ဈေးဆိုင်တန်းတွေကို တိုက်လေယာဥ် ၁ စီးက ဗုံးသီ ၆ လုံးကြဲချတိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဗုံးကျလို့ ဆိုင်တဆိုင် မီးလောင်သွားတယ်။ ပြီးတော့ အဲ့နေရာမှာ ကုန်စိမ်းတွေ ရောင်းနေကြတဲ့ မိသားစုဝင် ၃ ဦး ထိသွားတယ်။ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်" လို့ အင်းတော်ဒေသခံအမျိုးသားတဦးက ပြော ပါတယ်။

သေဆုံးသူအမျိုးသမီးနဲ့ ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးတို့ဟာ မိသားစုဝင်တွေဖြစ်ကြပေမယ့် သူတို့ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

စော်မော်ချောင်းနေရာဟာ စားသောက်ဆိုင်၊ ဝပ်ရှော့ဆိုင်နဲ့ ကုန်စိမ်းအရောင်းစတဲ့ ဈေးဆိုင် ၁၀ ဆိုင်ခန့်နဲ့ ခရီးသည်တွေ ညအိပ်တည်းခိုးနိုင်ကြဖို့ ပြုလုပ်ထားတဲ့နေရာတခု ဖြစ်ပါတယ်။ 

အဆိုပါနေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် အင်းတော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ ၁ နာရီကျော်ကြာ လှမ်းပစ်ခဲ့သေးတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ 

အင်းတော်မြို့နယ်ရှိ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်မှာ တိုက်ပွဲတွေအချိန် မရွေးဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၁၆ ရက်ကစတင်ကာ နိုဝင်ဘာ ၂၀ ရက် ဒီကနေ့အချိန်ထိ အင်းတော်-မိုးညှင်းလမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားလာခွင့်ပိတ်ပင်ထားတာကြောင့် အင်းတော်မြို့နယ်အတွင်းမှာ ခရီးသည်တင်ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - လေကြောင်းတိုက်ခိုက်ခံရသည့် နဘားလမ်းဆုံနှင့် အင်းတော်မြို့နယ်ထဲတွင် ပိတ်မိနေကြသည့်ကားများ ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

# စစ်ကိုင်းတိုင်း #အင်းတော်မြို့ #စစ်ကောင်စီ #နဘား #လေယာဉ် #လေကြောင်း #ဗုံးကြဲ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10