အင်းတော်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်၊ ကပ္ပိယ ၁ ဦးသေဆုံး

အင်းတော်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်၊ ကပ္ပိယ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက် ည ၈ နာရီကျော်မှာ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဘုန်းတော်ကြီး ၁ ပါး ပျံလွန်ပြီး ကပ္ပိယအမျိုးသား ၁ ဦးလည်းသေဆုံးခဲ့တယ်လို့ Indaw Revolution-IRက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ခရမ်းစပ်ကုန်းရွာရဲ့ ဘုန်းတော်ကြီးကျောင်းကို တံတားဦးလေတပ်ကနေ ထွက်လာတဲ့  လေယာဉ် ၁ စီးက ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို အင်းတော်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကုန်းစခန်းကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

"တိုက်ပွဲမဖြစ်ဘဲ ဘာကြောင့်ဗုံးကြဲတိုက်ခိုက်လဲ မသိဘူးဗျ။ ဆရာတော်နဲ့ ကပ္ပိယကတော့ ပွဲချင်းပြီး ပျံသွားတာ။ ရွာသားတွေတော့ အထိအခိုက် မရှိခဲ့ဘူး။ ဘုန်းကြီးကျောင်းကိုပဲ ကြဲသွားတာဖြစ်လို့" လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် သက်တော် ၇၇ နှစ်ရှိတဲ့ ဆရာတော် အရှင်ရာဇိန္ဒ ပျံလွန်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကပ္ပိယအမျိုးသားလည် သေဆုံးခဲ့တာပါ။ 

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းက ဇရပ်ဆောင် ၁ ဆောင်နဲ့ ကျောင်းမကြီးတို့ ပျက်စီးခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်တလုံးလည်းပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၂ - ၂၀၂၃ အတွင်း စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ကို အခုတိုက်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်အထိပြုလုပ်ခဲ့ရာမှာ ဂဟဲကျေးရွာကို ၁ ကြိမ်၊ နန့်သာကျေးရွာ ၄ ကြိမ်၊ ကျွန်းတောကျေးရွာ ၁ ကြိမ်၊ မော်တိတ်ကျေးရွာ ၁ကြိမ်၊ အလယ်ဆိပ်ကျေးရွာ ၁ ကြိမ်တို့ဖြစ်ကြတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော်မြို့ #ခရမ်းစပ်ကုန်းကျေးရွာ #စစ်ကောင်စီ #Indaw_Revolution_IR #ရဟတ်ယာဉ် #လေကြောင်း #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10